ရုရှားရဲ့ ခေတ်ရှေ့အပြေးဆုံး တိုက်လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းကြေညာ

ဇွန်၊ ၁၁

ရုရှားရဲ့ Sukhoi Su-57 Felon ဂျက်တိုက်လေယာဉ်ဟာ အက်စ်ထရာခန် ဒေသက လေတပ်စခန်း တခုမှာ ရပ်နားထားချိန် ယူကရိန်းဒရုန်း ထိမှန် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အကောင်အထည် ဖော်ခဲ့တဲ့ တိုက်ခိုက်ရေး မစ်ရှင်ဟာ ယူကရိန်း နယ်စပ်နဲ့ ကီလိုမီတာ ၆၀၀ နီးပါး အကွာလောက် တနေရာမှာ ဖြစ်တယ်လို့လည်း ယူကရိန်းက ပြောပါတယ်။

Su-57တွေဟာ ကမ္ဘာပေါ်မှာ လက်တွေ့ အသုံးပြုနိုင်တဲ့ အဆင့်ထိ ရောက်ရှိနေတဲ့ ပဉ္စမမျိုးဆက် စာရင်းဝင် တိုက်လေယာဉ် ၄ မျိုးထဲမှာ ပါဝင်ပါတယ်။ စူပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ အင်ဂျင်နှစ်လုံးတပ် လေယာဉ်တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို လျှောချနိုင်တဲ့ ကိုယ်ပျောက် စွမ်းရည်နဲ့ တခြားသော နည်းပညာမြင့် စစ်ရေး စွမ်းရည်တွေကို ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အခု တိုက်ခိုက် ဖျက်ဆီးခဲ့တာဟာ ယူကရိန်း စစ်ပွဲက လေကြောင်း စိုးမိုးရေး မစ်ရှင်တွေမှာ ပါဝင်နေတဲ့ ရှေ့တန်းအခြေစိုက် Su-57 တစီး ဖြစ်တယ်လို့လည်း ယူကရိန်း စစ်ထောက်လှမ်းရေးက ဆိုပါတယ်။ ဝေဟင်ကနေ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာတော့ ရပ်တန့်ထားတဲ့ တိုက်လေယာဉ် တဝိုက်မှာ ပေါက်ကွဲပြီး မီးကျွမ်းထားတဲ့ အခြေအနေမျိုးကို တွေ့နေရပါတယ်။

ကမ္ဘာပေါ်မှာ တိုက်ပွဲဝင်အဆင့် အသုံးပြုနိုင်တဲ့ ပဉ္စမမျိုးဆက် ကိုယ်ပျောက် လေယာဉ် ၄ မျိုးသာ ရှိသေးပြီး အဲဒါတွေကတော့ အမေရိကန်ရဲ့ F-22နဲ့ F-35၊ တရုတ်ရဲ့ J-20နဲ့ ရုရှားရဲ့ SU-57တို့ ဖြစ်ပါတယ်။ အမေရိကန်ကတော့ ရုရှားရဲ့ SU-57 စီမံကိန်းဟာ နှောင့်နှေးမှုတွေ အများကြီး ကြုံခဲ့တယ်လို့ မှတ်ချက်ပေးထားပြီး ၂၀၁၉ တုန်းက စမ်းသပ်ပျံသန်းမှု တခုအတွင်း လေယာဉ် ပျက်ကျခဲ့ပါသေးတယ်။ ရုရှားစစ်တပ်ဟာ ၂၀၀၂ ခုနှစ် ကတည်းက အစပြုခဲ့တဲ့ စီမံကိန်းရဲ့ ပထမဆုံး SU-57 တိုက်လေယာဉ်ကို ၂၀၂၀ ပြည့်နှစ်မှ လက်ခံ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေးကတော့ နိုင်ငံရဲ့ ဒရုန်းစစ်ဆင်ရေး စွမ်းရည်ဟာ ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်တိုက်ခိုက် နိုင်တယ်ဆိုတာကို အခုအောင်မြင်မှုက သက်သေ ထူနေတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ Su-57 တစီးဟာ ပျမ်းမျှတန်ဖိုး ဒေါ်လာ ၃၅ သန်းနဲ့ ၅၄ သန်းကြားလောက် ကျသင့်နိုင်ကြောင်းလည်း သိရပါတယ်။

Ref: CNN