မဟန ဆရာတော်တွေကို မာစီဒီးကားတွေလှူတဲ့ စစ်ခေါင်းဆောင် 

Photo – CINCDS

ဇွန်၊ ၁၀

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော် သံဃမဟာနာယက (မဟန)ဆရာတော်တွေကို နိုင်ငံ တော်အဆင့်အဆောင်အယောင် မော်တော်ယာဉ်တွေဆိုပြီး မာစီဒီးကားတွေ ပေးလှူလိုက်ပါတယ်။

လက်ရှိအာဏာသိမ်းကာလအတွင်း ၂၀၂၁ခုနှစ်ကစလို့ လူပေါင်းထောင်ချီကို ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်ခဲ့သလိုဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်းတွေပါမချန် လေကြောင်းကဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပေမယ့် မဟနဆရာ တော်တွေကိုတော့ စစ်ခေါင်းဆောင်က အခုလို ဆက်ကပ်လိုက်တာပါ။

အဲ့ဒီ မာစီးကားတွေကို ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေမှာ မနေ့က အခမ်းအနားနဲ့ လှူဒါန်းခဲ့တာဖြစ်ပြီး စစ်ခေါင်း ဆောင်မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။

အခုလိုလှူဒါန်းတာဟာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူ ဆောင်ရွက်နေတဲ့ကာလမှာ သာ သနာရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ တာဝန်တွေကို စိတ်လက်ပေါ့ပါးစွာ၊လွယ်ကူလျင်မြန်စွာ ထမ်းဆောင် နိုင်ကြစေဖို့ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစလို့ သံဃာတော်တွေကိုဖမ်းဆီးတာ၊သတ်ဖြတ်တာအပြင် ရှမ်းမြောက်နဲ့ ရခိုင်တို့ လို တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေက သမိုင်းဝင် စေတီတော်၊အထင်ကရဘုန်းတော်ကြီးကျောင်းတွေနဲ့တခြား ပြည် နယ်နဲ့ တိုင်းတွေက ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံအများအပြား စစ်ကောင်စီလက်ချက်နဲ့ ထိခိုက်ပျက်စီး မှု တွေရှိခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင် အဖွဲ့အစည်းတွေရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လအထိ လေ့လာစောင့် ကြည့်မှတ်တမ်းတင်ထားတဲ့အချက်အလက်တွေအရ စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတဝန်းက စေတီ၊ဘုန်းတော် ကြီးကျောင်းတွေအပါအဝင် ဘာသာရေးအဆောက်အအုံ နှစ်ရာဝန်းကျင် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု တွေမှာပါ ဝင်ခဲ့တဲ့ သံဃာတော် အပါး ၇၀ ဝန်းကျင်ကိုဖမ်းဆီးခဲ့ပြီးလူသိများတဲ့ သံဃာတော်တချို့အပါအဝင် ဖမ်းဆီးခံရ ပြီး နောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတဲ့သံဃာတွေလည်းရှိနေတယ်လို့ နွေဦးတော်လှန်ရေး သံဃာ့ ကွန် ရက်က ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ အာဏာမသိမ်းခင်ကတည်းက ကြိုတင်စီစဉ်ခဲ့တဲ့ မာရဝိဇယစေတီတော်ကို အာဏာ သိမ်းပြီးနောက် နေပြည်တော်မှာအပြီးသတ်တည်ထားခဲ့သလို ပုဂံကထင်ရှားတဲ့ ရှေးဟောင်းစေတီတချို့ကို ထီး တင်တာမျိုးတွေလုပ်ခဲ့ပါတယ်။

ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ သူဦးဆောင်တဲ့စစ်ကောင်စီလက်ထက် ဗုဒ္ဓဘာသာ သာသနာရေးအခြေအနေကို စစ်ခေါင်းဆောင်က အမွှန်းတင်ပြောဆိုလေ့ရှိသလို မနေ့က မာစီးဒီးကားတွေလှူဒါန်းတဲ့အခမ်းအနားမှာလည်း စစ်ကောင်စီအနေနဲ့ မဟနဆရာတော်တွေရဲ့ ဩဝါဒနဲ့အညီ သာသနာရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါသေးတယ်။