ဗျိုင်းဖြူရွာက ငရဲခန်းနေ့ရက်တွေ

ဇွန် ၊ ၈

စစ်တွေမြို့ တဖက်ကမ်းမှာတည်ရှိတဲ့ ဗျိုင်းဖြူကျေးရွာလေးဟာ ပြီးခဲ့တဲ့မေလနှောင်းပိုင်းတရက်မှာ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။

အခုအခါဆတ်ရိုးကျရပ်ကွက်အဖြစ်သတ်မှတ်ထားတဲ့ ဗျိုင်းဖြူကျေးရွာက စစ်တွေမြို. မြောက်ဖက် တမိုင်ကျော်လောက်အကွာနဲ့ ဆတ်ရိုးကျချောင်း တဖက်ကမ်းမှာတည်ရှိတာပါ။ ဗျိုင်းဖြူကျေးရွာမှာ အခြေခံ လက်လုပ်လက်စား ကျပန်းအလုပ်သမားတွေ အများစုနေထိုင်ကြပြီး အိမ်ခြေနှစ်ထောင်ကျော် လူဦးရေ တသောင်းကျော်လောက် နေထိုင်ပါတယ်။ ဒါပေမယ့်အများစုကတော့ စစ်ဖြစ်မှာစိုးလို့ နေရပ်စွန့်ခွာသွားခဲ့ပြီး ငွေကြေးမတက်နိုင်သူတွေနဲ့ ရှောင်တိမ်းဖို့အဆင်မပြေသူတွေသာ ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မနက်ပိုင်းမှာတော့ ဗျိုင်းဖြူကျေးရွာကို  အင်အားတရာကျော်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းတခု ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ တရွာလုံး ငရဲခန်းနေ့ရက်တွေကို ဖြတ်သန်းခဲ့ရပါတော့တယ်။ အဲဒီစစ်ကြောင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ စစ်သင်တန်းဆင်း ရိုဟင်ဂျာတွေ ပါဝင်တယ်လို့အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ထုတ်ပြန်ထားသလို ဒေသခံတွေကလည်းအတည်ပြုပြောဆိုကြပါတယ်။

 

စစ်ကောင်စီဘယ်လိုလုပ်ရပ်တွေကျူးလွန်ခဲ့သလဲ

ရွာသားတွေကတော့ အရင်စစ်ကြောင်းတွေ လာတုန်းကလိုမျိုး လူဦးရေစာရင်း စစ်ဆေးတာလောက်ပဲ လုပ်မယ်လို့ ထင်တာကြောင့် ပုံမှန်နေထိုင်နေခဲ့ကြတာပါ။

ဒါပေမယ့် ရွာသားတွေယူဆ၊ မျှော်လင့်ထားသလိုတော့ဖြစ်မလာခဲ့ပါဘူး။ “ခဏ ခဏ (စစ်ကြောင်း ဝင်နေတာဆိုတော့ ဂရုလည်း သိပ်မစိုက်ဘူး၊ ဒီလောက်ဆိုးဆိုးရွားရွားဖြစ်မယ်လို့လည်း မထင်ခဲ့ဘူးလေ၊ အခုက တော်တော်ဆိုးဆိုးရွားရွား…”လို့ မိသားစုလိုက် ဖမ်းဆီးခံရပြီး မိသားစုဝင်အချို့ သတ်ဖြတ်ခံခဲ့ရတဲ့ ဗျိုင်းဖြူရွာမှ အသက်လေးဆယ်၀န်းကျင်အမျိုးသမီးတဦးကDNAကို ပြန်ပြောပြပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ကလေးသူငယ်နဲ့အမျိုးသမီးတွေပါမချန် တရွာလုံးကိုဖမ်းဆီးခဲ့ပြီး လူမဆန်တဲ့ စစ်ရာဇဝတ်မူတွေကို အရပ်သားတွေအပေါ် ကျူးလွန်ခဲ့ကြတာပါ။ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဗျိုင်းဖြူတရွာလုံးမှာရှိတဲ့ ပြည်သူတွေကို အိမ်တိုင်းစေ့လိုက်ဖမ်းကာ ရွာလယ် ကွန်ကရစ်လမ်းမပေါ် စုပြီး အမျိုးသမီးတစု၊ အမျိုးသားတစု ခွဲထိုင်စေခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ရက်သားအရွယ် မွေးကင်းစ ကလေးငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုတွေပါမကျန် တရွာလုံးကို ဖမ်းဆီးကာ ရိုက်နှက်၊ သတ်ဖြတ်၊ အဓမ္မပြုကျင့်တာတွေ လုပ်နေခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

“စစ်ကားငါးစီးနဲ့ မနက် ဆယ်နာရီလောက်မှာ ရွာထဲက ဖြတ်ပြီး မင်းဂင်းတော(ရွာ)ဘက် သွားတာ၊ (နေ့ခင်း)နှစ်နာရီလောက်ကျတော့ ကျွန်မတို့ရွာကို လေးဖက်လေးတန် ဝန်းထားလိုက်ကြတယ်၊ ပြီးရင် တရွာလုံးကလူတွေကို ရွာလယ်မှာ စုပြီး ဖမ်း၊ နေပူခံခိုင်းတယ်၊ တအားနှိပ်စက်ပြီး ပစ်သတ်တယ်”လို့ အထက် ပါအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် အခုချိန်ထိလည်း ဆယ်ကျော် သက်အရွယ်ကျောင်းသားတွေအပါအ၀င်  အမျိုးသားရာချီ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ကိုယ်တိုင်မြင်၊ ကြားခဲ့ရသူတွေက DNA ကို ပြန်ပြောပြကြပါတယ်။

“ခဏလေးပဲဆိုပြီး ခေါ်တယ်၊ ကျွန်မတို့က အိမ်ကပစ္စည်းလေးတွေ ယူအုံးမယ်ဆိုတာတောင် မရဘူး၊ မယူနဲ့ ပစ်သတ်လိုက်မယ်နော်တဲ့၊ လမ်းပေါ်ခေါ်ပြီး နေပူ လှန်းတယ်”လို့ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရတဲ့ နောက်ထပ် အသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက်လူ သတ်မှုဖြစ်စဉ်အတွင်း အမျိုးသမီး သုံးဦး၊ ဆယ်ကျော်သက်အရွယ်၊ သက်ကြီးရွယ်အိုတွေအပါအ၀င် ဒေသခံ ၇၆ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA)က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက အမျိုးသမီးငယ်သုံးဦးကတော့ သတ်ဖြတ်မခံရခင် စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မပြုကျင့်မှုကိုပါ ကြုံခဲ့ကြရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားသလို ရွာသားအချို့ကလည်း အလားတူ ပြောဆိုကြပါတယ်။

ကိုယ်တိုင် ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီး ပြန်လွှတ်လာတဲ့ ဗျိုင်းဖြူရွာသားတွေကလည်း သတ်ဖြတ်ခံရသူ တရာနီးပါးရှိနိုင်တယ်လို့ DNA ကို ပြောကြပါတယ်။

“မင်းတို့ AAဆိုရင် အကုန်သတ်ပစ်မယ်၊ အာရက္ခ(ရခိုင်)ဆိုရင် အကုန်သတ်မယ်လို့ ပြောတာတွေ ကြားရတယ်၊ ပစ်သတ်ပြီး ဒရွတ်တိုက်ဆွဲသွားတာတွေလည်း ဆက်တိုက်ကြားရတယ်”လို့ ကိုယ်တိုင် ဖမ်းဆီး၊ ရိုက်နှက်ခံခဲ့ရတဲ့ အသက်ခြောက်ဆယ်ကျော်အရွယ် ဗျိုင်းဖြူရွာသားတဦး ပြောပါတယ်။

အဲဒီဖမ်းဆီးခံခဲ့ရသူတွေထဲက အမျိုး သမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးအမျိုးသား တရာကျော် (၁၃၁ ဦး ဟု ဒေသခံတွေဆို)ဟာ ဖမ်းဆီးခံရပြီး သုံးရက်အကြာ မေလ ၃၁ ရက်နေ့မှာ ပြန်လွှတ်လာခဲ့ပေမယ့် ဖမ်းဆီးခံနေရဆဲ ဒေသခံ နှစ်ရာထက်မနည်း ရှိနေသေးတယ်လို့ ရွာသားတွေက ပြောပါတယ်။

ထမင်းမကျွေး၊ ရေမတိုက်သုံးရက်ကြာ ဖမ်းဆီးထား

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဗျိုင်းဖြူရွာမှ ပြည်သူ တထောင်နီးပါးကို မေလ ၂၉ ရက်နေ့ နေ့ခင်းပိုင်းကနေ ၃၁ ရက်နေ့ ညနေအထိ သုံးရက်ကြာ ရွာလယ်လမ်းမပေါ် ဖမ်းဆီးထားခဲ့ပြီး အဲဒီကာလအတွင်း ထမင်းတနပ်သာ ကျွေးခဲ့ပါတယ်။

ရက်သားအရွယ်ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ ပါ၀င်ပြီး ရာချီတဲ့လူစုကို နေပူကြဲတဲ ကွန်ကရစ်လမ်းမပေါ် အခင်းမရှိ၊ အမိုးမရှိဘဲ ညအိပ်စေကာ ရေသောက်ခွင့်တောင်မရကြပါဘူး။

“မွေးပြီးတာ နှစ်ရက်ပဲ ရှိသေးတဲ့ ကလေးပေါက်စတွေ ပါတယ်၊ ညလည်း လမ်းမှာပဲ အိပ်ရတာ၊ ကလေးအငယ်တွေ နို့ဆာလို့ မခံနိုင်တော့ဘူး၊ အိမ်ထဲကို တခေါက် ဝင်ခွင့်ပြုပါ၊ နို့မှုန့်ဗူးလေးယူခွင့်ပြုပါလို့ ခွင့်တောင်းတာတောင် ဝင်ခွင့်မပေးဘူး”လို့ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးက ပြောပါတယ်။

နို့ဆာ၊ ရေဆာ၊ ဗိုက်ဆာလို့ ငိုယိုဟစ်ကြွေးနေကြတဲ့ ကလေးတွေကို မကြည့်ရက်တာကြောင့် အစားအစာနဲ့ ရေတောင်းကြတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ အော်ဟစ်ဆဲဆိုတာကိုပခံခဲ့ရပြီး အချို့မှာ ရိုက်နှက်ခံခဲ့ကြရတယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

“တချို့ မိန်းမ(အမျိုးသမီး)တွေဆိုရင် အရိုက်ပါခံရတယ်၊ ဆရာမတယောက်ကို CDM ဆိုပြီး ရိုက်တာ ကြည့်တောင် မကြည့်ရက်ဘူး”လို့ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးက သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်ပြောပြပါတယ်။

နောက်နှစ်ရက်အကြာ မေလ ၃၁ နေ့ မနက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်တွေ ရွာထဲ ရောက်လာပြီး အမျိုးသမီးနဲ့ ကလေးတွေကို လမ်းမပေါ်ကနေ အိမ်၀င်ခိုင်းကာ ထမင်းချက်စားခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မျက်နှာဖုံးစည်း၊ နောက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးထားတဲ့ အမျိုးသားတွေကိုတော့ လမ်းပေါ်မှာ ဆက်ထားပြီး မေလ ၃၁ ရက် နေ့လည်ပိုင်းမှာ ထမင်းစားခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် ဟင်းခပ်ဇွန်းနဲ့ သုံးဇွန်းသာ စားကြရတယ်။

“တညနဲ့တရက် ထမင်းမစားရ၊ ရေမသောက်ရနဲ့ နေပူကပဲခံရနဲ့ ကလေးတွေက ရေတောင်းကြတာတွေ တစာစာကြားနေရတယ်၊ ကျနော်ကိုယ်တိုင်လည်း ရေတောင်းခဲ့တယ်၊ ရေမပေးဘူး၊ ထမင်းသုံးနပ်မစားရပြီးနောက်မှာ ထမင်းသုံးဇွန်းလာခွံ့တယ်၊ ခွံ့ကျွေးတာပါ အဲဒါ”လို့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီး ပြန်လွှတ်လာတဲ့ ခြောက်ဆယ်ကျော်အရွယ် အမျိုးသားက ပြနိပြောင်းပြောင်းပြပါတယ်။

 

သတ်ဖြတ်မှုတွေ စလုပ်၊ အလောင်းဖျောက်

စစ်ကောင်စီတပ်သားတွေဟာ မေလ ၂၉ ရက် ညနေ မှောင်ရီပျိုးစ ခုနှစ်နာရီ၀န်းကျင်လောက် ရောက်တာနဲ့ ဖမ်းဆီးထားတဲ့ ရာချီသော အမျိုးသားတွေထဲက အချို့ကို သတ်ဖြတ်တာတွေ စလုပ်ခဲ့ပြီး ရွာထဲနေအိမ်တွေကိုလည်း ဖောက်ထွင်း၊ ခိုးယူခဲ့ကြတယ်လို့ ကိုယ်တိုင်ဖမ်းဆီးရိုက်နှက်ခံခဲ့ရသူတွေက ပြောကြပါတယ်။

“စဖမ်းကတည်းက နှိပ်စက်နေတာ၊ ကျွန်မတို့မြင်ရတာက ဝါးရင်းတုတ်၊ သားရေတုံးတွေနဲ့ ရိုက်တာမြင်ရတယ်၊ ပစ်သတ်တာတွေကိုလည်း လှမ်းမြင်ရတယ်”လို့ ဗျိုင်းဖြူရွာခံ အမျိုးသမီးက ပြောပါတယ်။

မေ ၂၉ ရက် တရက်တည်းမှာပဲ အမျိုးသား နှစ်ဆယ်၀န်းကျင် သတ်ဖြတ်ခံခဲ့ရပြီး နောက်ရက်တွေမှာလည်း သတ်ဖြတ်မှုတွေ ဆက်လုပ်ခဲ့ကာ အခုချိန်ထိ ဗျိုင်းဖြူရွာထဲ စစ်ကောင်စီတပ်သားတွေ စခန်းချနေထိုင်နေဆဲဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“AAကိုသိလားမေးတယ်၊ ကျွန်တော်တို့ သိလည်းမသိ မြင်လည်းမမြင်ဘူးလို့ပြောတယ်၊ မသိဆိုတော့ မင်း ဒီနေရာမှာ နေပြီးAAကို မသိဘူးဆိုလို့ရမလားဆိုပြီးတော့ ရိုက်တယ်ဝါးရင်းပိုင်းနဲ့ ဂုတ်ဆစ်ကို ရိုက်တယ်၊ နှစ်ချက်ရိုက်တယ်၊ နောက်လူတွေကိုလည်း တအား ထုထောင်းတယ်” လို့ ကိုယ်တိုင် ဖမ်းဆီး၊ ရိုက်နှက်ခံခဲ့ရတဲ့ အသက်ခြောက်ဆယ်ကျော်အရွယ် ဗျိုင်းဖြူရွာသားဦး ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက်၊ နှိပ်စက်မှုကြောင့် မသေဘဲ ပြန်လွှတ်လာသူတွေထဲ ပြင်းထန်ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေကြရသူလည်း ရှိနေတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် ရခိုင်အမှတ်တံဆိတ်၊ Arakan စတဲ့ ရခိုင်လူမျိုးအမှတ်လက္ခာတွေ မှင်ထိုးထားသူတွေကိုလည်း “မင်းတို့ AA မလား” ဆိုပြီး ဓါးနဲ့ ထိုးသတ်၊ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

“နှိပ်စက်လို့ မသေသေးတာကို ဓါးနဲ့ ထိုးသတ်ပစ်တာတွေလည်း ရှိတယ်၊ မသေသေးဘဲနဲ့ တာလပတ်တွေနဲ့ လိပ်ထားတာတွေ၊ ဖျာလိပ်ထဲက ခြေထောက်တွေ လှုပ်နေတာတွေ မြင်ခဲ့ရတယ်၊ အဲဒါတွေကို သေချာမကြည့်ရဘူး ခေါင်းငုံ့သွားရတယ်၊ ကိုယ့်လမ်းကိုယ်သွား၊ မကြည့်နဲ့လို့ ပြောတယ်”လို့ နောက်ထပ် ပြန်လွှတ်လာသူ အမည်မဖော်လိုတဲ့ သက်ကြီးအမျိုးသားတဦးက ပြောပါတယ်။

အလားတူပဲ ဖမ်းဆီးထားတဲ့ဗျိုင်းဖြူရွာသားတွေကို  ရွာထဲကနေ စစ်ကောင်စီတပ်နယ်ထဲကိုကားနဲ့ ပို့ဆောင်တဲ့အခါမှာလည်း ပစ်သတ်တာတွေ ရှိတယ်လို့ မျက်မြင်အမျိုးသမီးတဦးက ပြောပါတယ်။

“ကားပေါ်တက်ခိုင်းဖို့ နောက်ပြန်ကြိုးချည်ပြီး မျက်နှာဖုံးအုပ်ပြီး တန်းစီခိုင်းတယ်၊ ကားပေါ် တယောက်ချင်းတင်တယ်၊ အဲဒီမှာ ကောင်လေးတယောက် ခန္ဓာကိုရုန်းလို့ဆိုပြီး ခြေထောက်နဲ့ ကန်ပစ်တယ်၊ အဲမှာ မိဘတွေ အော်တော့ ပစ်သတ်ပစ်တယ်”လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် သတ်ဖြတ်ပြီး အလောင်းဖျောက်၊ မီးရှို့တာတွေလည်း ရှိတယ်လို့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

DNA က မေးမြန်းခွင့်ရခဲ့တဲ့ ဖမ်းဆီးခံခဲ့ရသူတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းဖျောက်ဖျက်တာတွေကို ကိုယ်တိုင် မမြင်ခဲ့ကြရပေမယ့် အလောင်းတွေနဲ့အတူ တာယာကွင်းတွေ ယူသွားတာ၊ မီးခိုးထွက်လာတာတွေကို မြင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

“လမ်းတွေထဲ ဆွဲခေါ်သွားတယ်၊ ရွာပြင်တွေမှာ ပစ်သတ်ပစ်တာတွေ၊ တခါတည်းနဲ့ တာယာကွင်းတွေ ယူသွားပြီး မီးရှို့သတ်မယ်ဆိုပြီး ပြောတာတွေကြားတယ်၊ အလောင်းဖျောက်တာတွေ ရှိတယ်” လို့ ဗျိုင်းဖြူရွာခံ အမျိုးသမီးက ပြောပါတယ်။

 

အမျိုးသမီးတွေပါအလွတ်မပေးတဲ့စစ်ကောင်စီ

စစ်ကောင်စီစစ်ကြောင်းဟာ ဗျိုင်းဖြူရွာက အမျိုးသမီးငယ်တွေကိုလည်း အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ အလောင်းဖျောက်တာတွေရှိခဲ့တယ်လို့ ရွာသားတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာထဲ ရောက်လာတဲ့ မေလ ၂၉ ရက်နေ့ ညမှာပဲ ဖမ်းဆီးထားတဲ့ အမျိုးသမီးလူအုပ်ထဲက မိန်းကလေးငယ်အပါအ၀င် အမျိုးသမီး တဆယ်ကျော်ကို စစ်ဆေးစရာ ရှိတယ်လို့ဆိုကာ ခေါ်ထုတ်သွားခဲ့ပြီး အချို့ကိုသာ ပြန်လာပို့တာတွေ့ရတယ်လို့ ကိုယ်တိုယ်မြင်ခဲ့ရသူအမျိုးသမီးတွေက ပြောကြပါတယ်။

“တဆယ်ကျော်မှာ ပြန်ပို့လာတာက အကြီးတယောက်နဲ့ မိန်းကလေးငယ်တယောက်ပဲ ပြန်ပို့တယ်၊ နောက်နေ့မနက်မှ ကောင်မလေးတွေကို လာပြန်ပို့တယ်၊ ပြန်မပို့ဘဲ အခုထိ ပျောက်နေတဲ့ ကောင်မလေးတွေလည်း ရှိတယ်၊ လာပို့တဲ့ ကောင်မလေးတွေကလည်း ငိုင်တိုင်တိုင်နဲ့ ပုံမှန်မဟုတ်ဘူး”လို့ အမျိုးသမီးတွေကို လာခေါ်စဉ် အနားမှာ ရှိနေခဲ့တဲ့ အမျိုးသမီးက ပြန်ပြောပြပါတယ်။

 

ပြန်လွှတ်လာသူတွေရဲ့ပူပန်သောက

သုံးရက်ကြာ ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ ပြုလုပ်ပြီး မေလ ၃၁ ရက်နေ့မှာတော့ သက်ကြီးအမျိုးသားတရာကျော်၊ အမျိုးသမီးနဲ့ ကလေးတွေကို ပြန်လွှတ်ပေးပြီး စစ်တွေမြို့တွင်းသို့ ရွေ့ပြောင်းစေကာ အမည်စာရင်းတွေ တောင်းယူ စောင့်ကြည့်နေတယ်လို့ ရွာသားတွေကပြောပါတယ်။

အချို့ကို တေဘာ(မြေသယ်ကား)နဲ့ စစ်တွေမြို့တွင်း ၀ငျ်ကဘာကှငျးသို့ လိုက်ပို့ပေမယ့် အချို့ကိုတော့ ကိုယ့်အစီအစဉ်အတိုင်း သွားခိုင်းတာကြောင့် လမ်း လျှောက်သွားကြရတယ်လို့ ဆိုပါတယ်။

“ရွာ(ဗျိုင်းဖြူ)မှာ ဘယ်သူ့မှ မနေရဘူး၊ မြို့ထဲကို သွားကြဆိုပြီး နှင်တယ်၊ သွားမယ့်နေရာကိုလည်း စာရင်းပေးရတယ်”လို့ ဆယ်နှစ်အောက် ကလေးငယ်နှစ်ဦး၊ သက်ကြီးမိခင်တဦးနဲ့အတူ စစ်တွေမြို့သို့ တိမ်းရှောင်လာရတဲ့ ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်တွေမြို့တွင်း မိသားစုရှိသူတွေကတော့ မိသားစုနေအိမ်တွေမှာ ကပ်ခိုနေထိုင်လို့ရပေမယ့် မိသားစုမရှိသူတွေကတော့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတာပါ။

ပြန်လွှတ်လာတဲ့ရွာသားအများစုဟာ ဖမ်းဆီးခံနေရစဥ် သူတို့နေအိမ်မှာ ကျန်နေခဲ့တဲ့ ရွှေ၊ ငွေ၊ ဖုန်း၊ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေ ယူငင်သွားလို့ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ပြန်မရခဲ့တာကြောင့် နေရေးစားရေး အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။

“ဘာမှ မရခဲ့ကြသူတွေ များတယ်၊ အခု စားဖို့လည်း အခက်အခဲ”လို့ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းတခုမှာ မိသားစု၀င် ငါးဦးနဲ့အတူ ခိုလှုံနေရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ရွာမှ နှင်ထုတ်ခံရကာ တိုက်ပွဲဖြစ်တော့မယ်လို့သတင်းထွက်နေတဲ့ စစ်တွေမြို့ထဲ ပိတ်လှောင်ခံ၊ တိမ်းရှောင်နေရတဲ့ ဗျိုင်းဖြူရွာသားတွေဟာ စား၀တ်နေရေး အခက်အခဲတွေကြုံနေရတဲ့အပြင် စိုးရိမ်၊ ကြောက်လန့်စိတ်တွေနဲ့ နေနေကြရတယ်လို့လည်း ပြောကြပါတယ်။

“ကြောက်တဝက် လန့်တဝက်နဲ့ နေနေကြရတယ်၊ သဘတ်(သရဲ သဘတ်) ရနေကြပြီ လူတွေက၊ ညဆိုလည်း စစ်သားတယောက်မြင်လိုက်တိုင်း၊ ရဲသားတယောက်မြင်လိုက်တိုင်း ဘယ်လိုမှလည်း နေလို့ထိုင်လို့ အဆင်မပြေတော့ဘူး၊ ည့ည့်အိပ်ရင်လည်း အဲဒီမြင်ကွင်းကိုပဲ မြင်နေကြပါပြီ၊ ကလေးတွေဆိုလည်း လန့်နိုး၊ အမျိုးမျိုးယောင်၊ လူကြီးတွေဆိုလည်း မျက်ရည်နဲ့ မျက်ခွက်နဲ့ မိသားစုတွေသတင်းလည်း ဘာမှ မကြားရ”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ မိသားစုတွေရဲ့ သတင်းအစအန မကြားရတာကြောင့်လည်း သောကမီး လောင်နေကြရတယ်လို့ ဗျိုင်းဖြုရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဗျိုင်းဖြူရွာတွင်း ဖမ်းဆီးခဲ့သူတွေထဲက အမျိုးသမီးတွေ နဲ့ အမျိုးသားတရာကျော်ကို ပြန်လွှတ်လိုက်ပေမယ့် ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေအပါအ၀င် အမျိုးသား နှစ်ရာ၀န်းကျင်ကိုတော့ ပြန်မလွှတ်ဘဲ ဖမ်းဆီးထားပါသေးတယ်။

အဲဒီဖမ်းဆီးထားသူတွေကို ဗျိုင်းဖြူရွာထဲနဲ့ စစ်တွေတပ်နယ်ထဲ စစ်ကြောနေတယ်လို့ ကြားသိရပြီး သတ်ဖြတ်တာတွေလည်း ဆက်ရှိနိုင်တယ်လို့ ရွာသားတွေက ပြောကြပါတယ်။

“ရင်ထဲ မီးတောက်(လောင်)နေတယ်၊ မောင်တယောက် သေလား ၊ ပျောက်လား ဘာမှ မသိရဘူး”လို့  ဗျိုင်းဖြူရွာမှ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတဦးက သူ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။

 

စစ်ကောင်စီလုပ်ရပ်တွေဟန့်တားနိုင်ဖို့လို

ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ခဲ့သူအားလုံးကို လက်စားချေ တုံ့ပြန်သွားမယ်လို့လည်း အာရက္ခတပ်တော် (AA) က ဇွန်လ ၂ ရက်မှာထုတ်ပြန် သတိပေးထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာကသိရှိပြီး အရေးယူဆောင်ရွက်ပေးစေလိုတယ်လို့လည်း ဗျိုင်းဖြူရွာသားတွေကို ကူညီနေတဲ့ စစ်တွေဒေသခံတွေကပြောပါတယ်။

“ဒီလိုစစ်ရာဇဝတ်မူတွေ လူသားတွေကို ကျုးလွန်နေတဲ့ သူတို့လုပ်ရပ်တွေကို မဟန့်တားနိုင်ရင် အပြစ်မဲ့ပြည်သူတွေ ဆက်သေနေဦးမှာပဲလို့ ပြောလိုပါတယ်”လို့ ဗျိုင်းဖြူရွာသားတွေကို ကူညီပေးနေသူတဦးက မှတ်ချက်ပြုပါတယ်။