သထုံမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ပစ်သတ်ခံရ

ဇွန်၊ ၂

 

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကို မနေ့ ဇွန်လ ၁ ရက် မနက် ၈ နာရီလောက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“လယ်ထဲသွားတာပဲ၊ သူတယောက်တည်းပဲ ပစ်ခံ လိုက်ရတာ၊ တွေ့တဲ့အချိန်က အသက်မရှိတော့ဘူး” လို့ တောင်စွန်းကျေးရွာခံတဦးက DNA ကို ပြောပါတယ်။ ပစ်ခတ်ခံရသူဟာ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတဦးဖြစ်သလို စစ်မှုထမ်းလူဦးရေးစာရင်း ကောက်ယူပေးနေသူ တဦးဖြစ်တာကြောင့် အခုလိုပစ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးခင်လေးဇော်ဟာ နေအိမ်ကနေ လယ်ကွင်း ထဲကို တဦးတည်လမ်းလျှောက်သွားချိန်လက်နက် ကိုင်ထားတဲ့ လူငယ်နှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ ပစ်ခတ်ခံရမှုကြောင့် ဦးခင်လေးဇော်ရဲ့ ဦးခေါင်း အပါအဝင် ခန္ဓာကိုယ်အနှံ့မှာ ကျည်ဖောက်ဝင် ဒဏ်ရာ ငါးချက်နဲ့ အခင်းဖြစ်နေရာမှာတင်သေ ဆုံးသွားတယ်လို့ သိရပါတယ်။

သထုံမြို့နယ် တောင်စွန်းကျေးရွာ တောင်ပိုင်း၊ လမ်း မတန်းမှာ နေထိုင်တဲ့ ဦးခင်လေးဇော်မှာ ဇနီးနဲ့အတူ သားနှစ်ဦးရှိပြီး သေဆုံးချိန်မှာ အသက် ၅၇ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ အရင်က ဦးခင်လေးဇော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝန်းရံထောက်ခံသူတဦးဖြစ်ကာ သထုံမြို့နယ် ကရင်စာပေနဲ့ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်တဦးလည်းဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ တောင်စွန်းကျေးရွာအုပ်ချုပ်ရေးဦးစိုးသိမ်းနဲ့ ရုံးစာရေးဖြစ်သူတို့ကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် လစ်လပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရာထူး နေရာအတွက် စစ်ကောင်စီက လျာထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို တော်လှန်ရေး အင်အားစုတွေက ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ဆောင်နေသလို စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ပစ်ခတ်ရှင်းလင်းခဲ့ရတဲ့ မွန်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်ဦးနီးပါးရှိပြီလို့ သိရပါတယ်။

ဓါတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်