ဇွန်၊ ၁
ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ ဟင်းလင်းပွင့်ပြီး ကွဲအက်နေတဲ့ ပြတင်းပေါက်တွေ၊ အပျက်အစီးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတွေဟာ ကောက်ကျစ် စဉ်းလဲလှတဲ့ အာဏာသိမ်း စစ်တပ်ကို အနိုင်တိုက်ရင်း ဘယ်လောက်ထိ နစ်နစ်နာနာတွေ ပေးဆပ်နေရသလဲ ဆိုတာကို ညွှန်ပြနေတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရဲ့ မြင်ကွင်းပါပဲ။
လူဦးရေ ၂၀၀၀၀ လောက် နေထိုင်ပြီး ရေလုပ်ငန်း အဓိက ထွန်းကားရာမြို့ကို ဇန်နဝါရီလမှာ အာရက္ခ တပ်တော် (AA)ရဲ့ တပ်ဖွဲ့ဝင်တွေက အောင်အောင်မြင်မြင် သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တာအပြီး စတုတ္ထမြောက် နှစ်အပိုင်းအခြားထဲ ချဉ်းနင်း ဝင်ရောက်လာချိန်မှာ AAရရှိလာတဲ့ စစ်ရေး အောင်မြင်မှု တခုဆိုရင်လည်း မမှားပါဘူး။
ပေါက်တောဟာ မြန်မာနိုင်ငံ အနှံ့မှာ စစ်တပ်က လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေထဲက တခုပါ။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ အုပ်စိုးခဲ့တဲ့ စစ်တပ်ရဲ့ အာဏာစက်ဟာ အဲဒီလို အရှုံးတွေနဲ့အတူ ပျက်သုဉ်း ပျောက်ကွယ် သွားတော့မလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ပိုမို အားကောင်းလာပါတယ်။
၄ လကြာမြင့်လာတဲ့ထိ ပေါက်တောဟာ AAရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်ရှိနေပါတယ်။ ဒါပေမဲ့ မြို့ထဲမှာ လူတွေ မရှိတော့သလောက်ပါပဲ။ မြို့ခံ အများစုက ဆင်ခြေဖုံး ဧရိယာတွေနဲ့ နယ်စွန်နယ်ဖျားတွေမှာ တိမ်းရှောင်နေကြပြီး အချိန်မရွေး ကျရောက်လာနိုင်တဲ့ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။
“ကျွန်တော်တို့ အားလုံး သူတို့ (စစ်တပ်)ရဲ့ ရန်ကို စိုးရိမ်နေကြရတာပါ”လို့ ဒေသခံ တယောက်က AFPကို ပြောပါတယ်။ လောလောဆယ် ပေါက်တောမြို့ပြင်မှာ ယာယီတဲထိုးပြီး ခိုလှုံနေတဲ့ အမျိုးသား လုံခြုံရေးအရ သူ့နာမည်ကို ထုတ်မပြောချင်ပါဘူး။
“အိမ်မှာ ပြန်နေရင် စစ်တပ်က ကျွန်တော်တို့ကို ဘာလုပ်မလဲ၊ ဒါမှမဟုတ် ကျွန်တော်တို့အပေါ် ဘယ်လို လက်နက်မျိုးတွေ ကြဲချလာမလဲ ဆိုတာတွေကို မသိနိုင်ပါဘူး။ သူတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ကြိုပြီး ထောက်လှမ်းဖို့လည်း မဖြစ်နိုင်ဘူးလေ။ ဒီတော့ သူတို့က တိုက်ခိုက်လာမယ် ဆိုရင် အကုန်သေကုန်မှာ”လို့ သူက ဆိုတယ်။
ဒေသခံတွေ ရိုက်ကူးပေးပို့တဲ့ ပေါက်တော ဗီဒီယို မှတ်တမ်းတခုကို AFPက မေလထဲမှာ ရရှိခဲ့ပါတယ်။ အဲဒီ ဗီဒီယိုတွေမှာတော့ ကျေးငှက်တွေ မြည်ကြွေးသံကလွဲရင် တိတ်ဆိတ်နေတဲ့ မြို့တွင်းလမ်းတွေမှာ ရံဖန်ရံခါလောက်သာ AA တပ်ဖွဲ့ဝင်တွေဆီက အသံတချို့ကို ကြားရတာကို တွေ့နိုင်ပါတယ်။
တချိန်တုန်းက ဂဏန်းတွေ၊ ကျားပုစွန်တွေကို ဆူဆူညံညံ အော်ဟစ် ရောင်းချနေတဲ့ စျေးသည်တွေနဲ့ စည်ကားခဲ့ဖူးတဲ့ စျေးနေရာဟာ လုံးဝနီးပါး ခြောက်ကပ်နေပါတယ်။ မိုဘိုင်းဖုန်း အော်ပရေတာ တခုက ကြော်ငြာထားတဲ့ ဆိုင်းဘုတ် အဝတ်စဟာ ပျက်စီးနေတဲ့ ဆိုင်တခုရဲ့ အထက်မှာ လေနဲ့အတူ တဖျတ်ဖျတ် လှုပ်ရမ်းနေပါတယ်။
AAဟာ မြန်မာစစ်တပ်နဲ့ တိုက်လိုက်၊ ရပ်စဲလိုက် စစ်ပွဲတွေကို နှစ်ပေါင်းအတော်ကြာ ဆင်နွှဲခဲ့ပြီး ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်သူတွေ အများစု နေထိုင်ရာ ရခိုင်ပြည်နယ်ထဲမှာ ပိုမို ထိရောက်တဲ့ ကိုယ်ပိုင် စီမံအုပ်ချုပ်ပိုင်ခွင့်တွေ ရရှိလာစေဖို့ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ အသစ်ပေါ်ပေါက်လာတဲ့ တော်လှန်ရေး တပ်တွေရော၊ နှစ်ရှည်လများ ရင်ဆိုင် စစ်ခင်းနေရတဲ့ အခြေခိုင်ပြီးသား အင်အားစုတွေနဲ့ပါ စစ်မျက်နှာတွေ မျိုးစုံဖွင့်ပြီး တိုက်ရပါတော့တယ်။ အဲဒီ အချိန်မှာပဲ AAက ရည်မှန်းချက် ကြီးမားတဲ့ စစ်ရေး အခင်းအကျင်းတွေကို အရှိန်မြှင့်လာခဲ့ပါတော့တယ်။
စစ်တပ်ဟာ အတိုက်အခံ အင်အားစုတွေကို ထောက်ခံပြီး စစ်တပ် ကြီးစိုးမှုကို ဖီဆန်တဲ့ ဒေသတွေမှာ အရပ်သား ဧရိယာတွေကိုပါ ရန်ပြုတိုက်ခိုက်ပြီး ညစ်တတ်မှန်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကာလရှည်ကြာ စွပ်စွဲထားကြပြီးသားပါ။ နိုဝင်ဘာလတုန်းက စစ်ရဟတ်ယာဉ် တစီးဟာ ပေါက်တောဆီ ဦးတည် ပျံဝဲလာပြီး တရကြမ်း ပစ်ခတ်တဲ့အခါ လူထုဟာ ကြောက်လန့်တကြား အသက်လု ထွက်ပြေးခဲ့ကြရပါတော့တယ်။
“ဘာပစ္စည်းမှ မသယ်နိုင်ဘဲ ကမန်းကတမ်း ပြေးခဲ့ရတာ”လို့ အခုအခါ မြို့ပြင်မှာ ခိုလှုံနေရတဲ့ အမျိုးသမီးကြီး တဦးက AFPကို ပြောပါတယ်။ သူကလည်း ပထမ သတင်းရင်းမြစ်လို့ပဲ နာမည်ရင်းကို ထုတ်မပြောချင်ပါဘူး။ “ထမင်းတအိုး ချက်ပြီးရင်တောင် မစားနိုင်ဘူး ဖြစ်နေကြတာပါ။ ကျွန်မတို့က ထွက်ပြေးလာကတည်းက ငွေတွေလည်း ပါမလာဘူး။ ရွှေတိုရွှေစလေး တချို့လောက်ပဲ ပါလာတယ်။ အဲ့ဒါလေးတွေကို ပေါင်နှံရောင်းချဖို့ ဆိုတာကလည်း ထင်သလောက် မလွယ်ဘူး။ ပြီးတော့ အတိုးက မတန်တဆ များလွန်းတယ်”လို့ သူက ဆိုတယ်။
ပေါက်တော ဒေသခံတွေ ကြုံနေရတဲ့ အခြေအနေဟာ မြန်မာနိုင်ငံ အနှံ့က စစ်ရှောင်ပြည်သူတွေရဲ့ သရုပ်သကန်ကို ထင်ဟပ်စေပါတယ်။ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာရသူ အရေအတွက်ဟာ အခုဆိုရင် ၂.၇ သန်းလောက် ရှိလာနေပါပြီ။
AAကလည်း ဒေသခံတွေကို ပေါက်တောဆီ ပြန်ခွင့် မပေးသေးဘူး။ အကြောင်းကတော့ မြို့ကို ပစ်မှတ်ထားပြီး စစ်တပ်က အချိန်မရွေး လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် တချို့ ဒေသခံတွေကို နေရပ် ယာယီပြန်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ ယူထုတ်တာမျိုးလောက်ကိုပဲ AAက ခွင့်ပြုပေးထားပါသေးတယ်။
AFPနဲ့ တွေ့ဆုံခဲ့တဲ့ ပထမ သတင်းရင်းမြစ်က သူလည်း အိမ်ကို ခဏပြန်သွားခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ သူ့အိမ်က တဝက်ပြိုကျနေပြီး ဘုရားစင်ပေါ်က ဆင်းတုတော်ဟာ ကြမ်းပြင်မှာ မြေခနေခဲ့ပါတယ်။ သူ့ကလေးတွေ ရှင်ပြုဖို့နဲ့ မနှစ်တုန်းက ဆိုင်ကလုန်းမိုခါဒဏ်ကြောင့် ပျက်စီးသွားတဲ့ အိမ်အမိုးကို ပြင်နိုင်အောင် သစ်တွေဝယ်ဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့ စုဘူးကလည်း ပျောက်ဆုံးနေခဲ့ပါပြီ။
“စုထားသမျှ အကုန်ပါသွားတာဗျ”လို့ သူက ညည်းညူခဲ့ပါတယ်။ တခြား ပေါက်တောမြို့ခံ အမျိုးသမီး တယောက်ကလည်း “သူခိုးတွေက တအိမ်လုံးကို မွှေသွားခဲ့တာ။ ကျွန်မ အဖေရဲ့ ငါးဖမ်းပိုက်တွေလည်း အခိုးခံလိုက်ရတယ်။ ကျွန်မက စက်ချုပ်သမပါ။ တော်သေးလို့ ကျွန်မရဲ့ အပ်ချုပ်စက်တွေတော့ ပြန်ရလိုက်တယ်”လို့ ပြောပါတယ်။ သူလည်းပဲ နာမည်ရင်းကို ဖော်မပြချင်ခဲ့ပါဘူး။
တိုက်ပွဲတွေအတွင်း စစ်တပ်ရော၊ AAဖက်ကပါ ပျက်စီးနေတဲ့ အရပ်သား နေအိမ်တွေကနေ ပစ္စည်းတွေကို ယူငင်တာ၊ လုယက်တာတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ မတ်လမှာတော့ AAက တိုက်ပွဲကာလအတွင်း တပ်ဖွဲ့ဝင်တွေက အဲဒီလို လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြောင်း တိုင်ကြားမှု မှန်သမျှကို အလေးထား စစ်ဆေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
AAရဲ့ အောင်မြင်တဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်ထဲက ကျယ်ဝန်းတဲ့ နယ်မြေတွေနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ထိစပ်ရာ နယ်နိမိတ်တွေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
AAဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို သိမ်းယူဖို့အထိ ရည်ရွယ်ကြောင်း အတည်ပြုထားပါတယ်။ စစ်တွေဟာ ပေါက်တောနဲ့ ၂၅ ကီလိုမီတာ အကွာမှာ တည်ရှိပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က ထိန်းချုပ်ထားဆဲ နောက်ဆုံးလက်ကျန် အဓိက မြို့ကြီးလို့ ဆိုနိုင်ပါတယ်။
ဧပြီလမှာတော့ AAက အဆုံးသတ် စစ်ပွဲကြီး မတိုင်ခင် စစ်တွေ မြို့ခံတွေကို ကြိုတင် တိမ်းရှောင်ကြဖို့ သတိပေး ဆော်ဩခဲ့ပါတယ်။ စစ်တွေဟာ အိန္ဒိယက ရင်းနှီးမြှုပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။
AFPနဲ့ အဆက်အသွယ် ရခဲ့တဲ့ စစ်တွေ ဒေသခံ တချို့က စစ်တပ်ဟာ ဒေသတွင်းမှာ ကုန်းကြောင်း၊ ရေကြောင်း သွားလာမှုတွေကို ကန့်သတ် တားမြစ်ထားကြောင်း၊ ဆန်နဲ့ ကြက်ဥ၊ ဘဲဥလို အခြေခံ စားသောက်ကုန်တွေကအစ အရာရာ ကုန်စျေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်ကုန်ကြောင်း ပြောပြကြပါတယ်။
လောလောဆယ် နေရပ်စွန့်ခွာနေရတဲ့ ပေါက်တော စစ်ရှောင်တွေကတော့ အနီးတဝိုက်မှာ နောက်တကြိမ် စစ်ရေး အရှိန်အဟုန် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
“အခုတောင် ကျွန်တော်တို့ ကိုယ့်အိမ်မှာ ကိုယ်မနေရဘဲ ပြေးနေရတာလေ”လို့ စစ်ရှောင်တဦးက AFPကို ဖွင့်ဟခဲ့ပါတယ်။
“ကျွန်မရဲ့ ရွှေဆွဲကြိုးလေးကို ၁၈ သိန်းနဲ့ ခဏပေါင်ထားတယ်။ ဒါမှ ကျွန်မတို့ နေဖို့၊ စားဖို့ အဆင်ပြေလောက်မှာမို့ပါ။ နောင်တချိန်ကျရင်တော့ ကျွန်မရဲ့ ဆွဲကြိုးလေးကို ပြန်ရွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ တခြား အမျိုးသမီး တယောက်က ဆိုတယ်။
တချို့ကတော့ စစ်တပ်ရဲ့ ရန်လို ယုတ်ကန်းမှုတွေကို လက်စားချေချင်စိတ်တွေ ကိန်းအောင်းနေတယ်။
“ကျွန်မမှာ ကလေးရှိတော့ သူ့ကိုငဲ့ပြီး AA အဖွဲ့ထဲ မဝင်နိုင်သေးဘူး ဖြစ်နေတယ်။ အဲဒီလိုသာ မဟုတ်ရင် ကျွန်မက AAထဲဝင်ပြီး စစ်တပ်ကို ပြန်ချမှာ။ သူတို့ လုပ်ခဲ့သမျှကို ပြန်ကလဲ့စားချေရမှ ကျွန်မ ကျေနပ်နိုင်လိမ့်မယ် ထင်တယ်”လို့ အမျိုးသမီး တယောက်က ပြောကြားသွားပါတယ်။
(AFP၏ Battered, empty Myanmar town shows price of victory against junta ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)