ရခိုင်စစ်ရှောင်စခန်းတွေမှာ ရေရှားလို့ မသန့်တဲ့ရေတွေသုံးနေရပြီး ဝမ်းရောဂါနဲ့ယားနာတွေဖြစ်နေ

ဖေဖာ်၀ါရီ၊ ၂၅

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ရေရှားပါးမှု စတင်ကြုံတွေ့နေရတာကြောင့် နောက်ကျိပြီး မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေကြရပြီး ဝမ်းလျှောတာ၊ ယားနာ ပေါက် တာစတဲ့ အခြေ အနေတွေနဲ့ ကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ်အတွင်းက အထက်မြတ်လှဲ၊ ဂဏန်းတောင်(စိုက်ပျိုးရေး)၊ ဂဏန်းတောင်(ဘူ တာ) စတဲ့ စစ်ရှောင်စခန်းတွေမှာ အဲဒီလို မသန့်တဲ့ရေတွေကို သုံးနေရလို့ နားမကျန်းဖြစ်နေကြတာလို့ အဲဒီစခန်း တွေမှာနေထိုင်တဲ့ စစ်ရှောင်တွေက ပြောပါတယ်။

 “ရေချိုးရတာ၊ ရေသောက်ရတာ အဆင်မပြေဘူး၊နောက်ကျိနေတဲ့ချောင်းရေကို သုံးရတယ်၊အဲဒီရေတွေချိုးရင် ယားနာတွေဖြစ်ကြတယ်၊ဝမ်းလျှောတဲ့ကလေးတွေလည်း ရှိတယ်။ ဆေးခန်းပြနေကြရပါတယ်”လို့ အထက်မြတ် လှဲစခန်းက စစ်ရှောင် တဦးဖြစ်တဲ့ ဦးကံထွန်းအောင်က ပြောပါတယ်။

လူဦးရေ ၇၀၀ဝန်းကျင် နေထိုင်တဲ့ အထက်မြတ်လှဲစခန်းက စစ်ရှောင်ထက်ဝက်လောက်ဟာ အဲဒီလို ယားနာ ပေါက်တာ၊ ဝမ်းလျှောတာတွေနဲ့ ကြုံနေ ကြရ တယ်လို့လည်း သူက ဆိုပါတယ်။ နွေရာသီရောက်လာလို့ ကန်ရေ တွေခမ်းသွားတာကြောင့် မသန့် တဲ့ အင်းရေ၊ ချောင်းရေတွေကို သုံးနေကြရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

အထက်မြတ်လှဲစခန်းအပြင် စစ်ရှောင်ဦးရေသုံးရာကျော်ရှိတဲ့ ဂဏန်းတောင်(ဘူတာ)စခန်းက ကလေးတ ချို့ဟာ လည်း မသန့်တဲ့ရေတွေကြောင့် ဝမ်းလျှောလို့ ဆေးရုံတက်ကုသနေရတယ်လို့ အဲဒီစခန်းက စစ်ရှောင်တွေက ပြော ကြပါတယ်။

 “ရေက တော်တော်ရှားနေပြီ၊ အခုက ချောင်းရေကို စက်နဲ့တင်ပြီး သုံးနေကြတယ်၊ဓါတ်ဆီဖိုးတွေလည်း အခက် အ ခဲရှိတယ်။ ချောင်းရေကလည်း မသန့်ဘူးလေ၊နောက်လလောက်ဆိုရင် ချောင်းရေလည်း အဆင်မပြေလောက် တော့ဘူး”လို့ ဂဏန်းတောင်(ဘူးတာ)စစ်ရှောင် စခန်းတာဝန်ခံက ပြောပါတယ်။

 ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း အလားတူ ရေရှားမှုတွေနဲ့ ကြုံနေကြရပြီဖြစ်တယ်လို့ စစ်ရှောင်ဒုက္ခသည်‌တွေက ပြောကြပါတယ်။ဒါကြောင့် သောက်ရေ လှူဒါန်းပေးကြဖို့နဲ့ ရေတင်ဖို့ ဓါတ်ဆီစရိတ်ထောက်ပံ့ပေးကြဖို့လည်း စစ်ရှောင်တွေက တောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ နွေရာသီရောက်တိုင်း ရေရှားပါးမှုနဲ့ နှစ်စဉ်ကြုံကြရတာ ဖြစ် လို့ အစိုးရအပါအဝင် ကူညီရေးအဖွဲ့အစည်းတွေက ရေအခက်အခဲကို ကူညီဖြေရှင်းပေးကြဖို့လိုတယ်လို့ စစ်ရှောင် အရေးကူညီပေးနေသူတွေက ထောက်ပြတောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ တိုက်ပွဲတွေကတည်းက နေရပ်စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ခြောက်သောင်းကျော် ရှိပြီး အခု ၂၀၂၃ တကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးရသူတွေနဲ့ပါဆိုရင် တသိန်းကျော်အထိ ရှိနေတယ်လို့စစ်ရှောင် ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ အဲဒီစစ်ရှောင်တွေကို စားနပ်ရိက္ခာဖြတ်တောက်ထားပြီး ကူညီရေးအဖွဲ့တွေရဲ့ ကူ ညီခွင့်ကိုပါ ပိတ်ထားကာ စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့လည်း ဖိအားပေးမှုတွေရှိနေပါတယ်။

တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တာနဲ့ လူနေရွာတွေအနီး တပ်စွဲစခန်းချထားတဲ့ စစ်တပ်တွေဆက်ရှိနေတာကြောင့် ရခိုင်စစ်ရှောင်တွေကတော့ နေရပ်မပြန်လိုကြသေးပါဘူး။