အပစ်ရပ်ထားတဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ စစ်ရေးထိတွေ့မှု ဆက်တိုက်ရှိလာ

Photo – Tai Freedom (ပုံစာ – စစ်ရေးပြအခမ်းအနားတခုမှာတွေ့ရတဲ့ RCSS တပ်ဖွဲ့ဝင်တချို့)

မေ ၊ ၂၉

အပစ်ရပ်သဘောတူထားတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ ကြား အခု မေလအတွင်း စစ်ရေးအရထိတွေ့မှုတွေ ဆက်တိုက်ရှိလာနေတယ်လို့ နှစ်ဖက်ထုတ်ပြန် ချက် တွေအရ သိရပါတယ်။  

SSPP/SSA ဘက်ကတော့ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်နဲ့ မိုင်းကိုင်မြို့နယ်တွေမှာ လှုပ်ရှား သွားလာနေတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို အခုမေလ အတွင်း RCSS ဘက်က မိုင်းဆွဲတိုက်ခိုက်တာနဲ့ ခြုံခိုတိုက်ခိုက်တာ ခြောက်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။ 

မေလ ၂၈ ရက်၊ မနေ့ ညနေပိုင်းကပဲ မိုင်းကိုင် မြို့နယ်၊ နောင်ဟေးကျေးရွာနဲ့ မယ်ဇလီ ကျေးရွာကြားမှာ SSPP/SSA စစ်ကြောင်းယာဥ်တန်းကို RCSS ဘက် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ မော်တော်ယာဥ် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း ရပ်စောက်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးနေတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေကို RCSS တပ်ဖွဲ့ဝင်သုံးဦးက ကျောက်တန်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်လို့ တပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း SSPP/SSA ဘက်က ဆိုပါတယ်။ 

အဲဒီလို တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်မှုမှာပါဝင်တဲ့ RCSS တပ်ဖွဲ့ဝင်သုံးဦးကို  လွှဲပြောင်းပေးအပ်ဖို့အပါအဝင် အချက်သုံးချက်တောင်းဆိုပြီး SSPP/SSA ဘက်က ညှိနှိုင်းတောင်းဆိုခဲ့ပေမယ့် RCSS ဘက်ကတော့ တစုံတရာမတုံ့ပြန်ဘူးလို့ သိရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းအထိ အချင်းချင်းထိတွေ့တိုက်ပွဲတွေရှိခဲ့တဲ့ SSPP/SSA နဲ့ RCSS တို့နှစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ကမှ နှစ်ဖက်အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးထားတာပါ။ 

RCSS ဘက်ကတော့ SSPP/SSA က ဝတပ် UWSA၊ စစ်ကောင်စီတပ်တို့နဲ့ ပူးပေါင်းပြီး သူတို့တပ်ဖွဲ့ကို ထိုးစစ်ဆင်လာတာကြောင့် အခုလို ထိတွေ့မှုဖြစ်ရတာလို့ သူတို့ထိန်းချုပ်ထားတဲ့ Tai Freedom သတင်းမီဒီယာကနေ ရှမ်းဘာသာစကားနဲ့ ထုတ်ပြန်ထားပါတယ်။ 

အဲဒီလို ထုတ်ပြန်မှုအပေါ် SSPP/SSA ဘက်ကငြင်းဆိုထားပြီး RCSS အပေါ် တုံ့ပြန်တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ တကြိမ်မှမလုပ်သေးဘူးလို့လည်း SSPP/SSA ဘက်က ဆိုပါတယ်။ 

အခုအခြေအနေတွေနဲ့ ပတ်သက်ပြီး SSPP/SSA တာဝန်ရှိသူ သုံးဦးနဲ့ RCSS တာဝန်ရှိသူ နှစ်ဦးကို Delta News Agency က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

RCSS တပ်ဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ရေးထိုးထားသလို လက်ရှိ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း စစ်ကောင်စီနဲ့ ငြိမ်းခြမ်းရေးဆွေးနွေးပွဲတွေမှာ ဦးဆောင်ပါဝင်နေပြီး SSPP/SSA ကတော့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။