အခြေခံလုပ်ခ တိုးမြှင့်မယ့် အစီအစဉ်ဟာ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေကိုပဲ အကျိုးရှိစေကြောင်း ဝေဖန်မှုတွေ ရှိနေ

မေ၊ ၂၉

တနေ့ အခြေခံလုပ်ခ ဘတ် ၄၀၀ ထိ တိုးမြှင့်စေမယ့် အစိုးရရဲ့ မူဝါဒကို ပြန်စဉ်းစားဖို့လိုကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (FTI)က သတိပေး ပြောကြားလိုက်ပါတယ်။

အဲဒီလိုမျိုး အခြေခံလုပ်ခ မြှင့်တင် သတ်မှတ်ပေးလိုက်တာဟာ ထိုင်းနိုင်ငံရဲ့ ပြည်တွင်း စီးပွားရေး ကဏ္ဍကို တိုးတက်စေဖို့ ဆိုတာထက် ပြည်ပကနေ လာရောက် အလုပ်လုပ်တဲ့ နိုင်ငံခြား အခြေခံ လုပ်သားတွေ အတွက်သာ အဓိက ကောင်းကျိုး ဖြစ်စေလိမ့်မယ်လို့ FTIက ဝေဖန်ခဲ့ပါတယ်။

အခုဆိုရင် မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေကနေ ထိုင်းမှာ လာရောက် အလုပ်လုပ်ပြီး မိခင်နိုင်ငံဆီ ငွေပြန်လွှဲကြတဲ့ ပမာဏဟာ နှစ်စဉ် ဘတ်ငွေ ၁၀၀ ဘီလီယံ ဝန်းကျင်လောက်ထိ များပြားနေတယ်လို့ FTIရဲ့ ဒုတိယ ဥက္ကဋ္ဌ ဝီဝတ် ဟမ်မွန်ဟာရော့က ထောက်ပြခဲ့ပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေဟာ ရသမျှ လစာကို ကြိုးစားစုဆောင်းပြီး ထိုင်းနိုင်ငံမှာ ထက်ဝက်လောက်ကိုသာ ပြန်လည် အသုံးပြုကြောင်း၊ ကျန်တဲ့ ငွေကြေးတွေကို နေရပ်က မိသားစုတွေဆီ ပြန်ပို့လေ့ရှိကြောင်း၊ ဒီတော့ လုပ်ခလစာ တိုးလိုက်ခြင်းကြောင့် ထိုင်းအတွက် အကျိုးရှိဖို့ ဆိုတာထက် အိမ်နီးချင်း နိုင်ငံတွေရဲ့ GDPကိုသာ အထောက်အပံ့ ပေးမယ့်သဘောဖြစ်ကြောင်း ဝီဝတ်က ဆိုပါတယ်။

ထိုင်းကုန်ထုတ် လုပ်ငန်းတွေမှာ လက်ရှိ အနေအထားအရ ကျွမ်းကျင်လုပ်သားတွေကို နေ့စဉ် ဘတ် ၇၀၀ ကနေ ၉၀၀ ကြား လုပ်ခ ပေးချေနေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ အခြေခံ လုပ်ခကို ဘတ် ၄၀၀ ထိ မြှင့်တင်လိုက်ရင် ကျွမ်းကျင်လုပ်သားတွေရဲ့ တနေ့လုပ်ခကိုလည်း ဘတ် ၁၀၀၀ ကျော်ထိ တိုးပေးရမယ့် အခြေအနေအတွက် စိုးရိမ်သင့်ကြောင်း ဝီဝတ်က ထောက်ပြခဲ့ပါတယ်။

ထိုင်းမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ကနေ တရားဝင် ရွှေ့ပြောင်း အလုပ်လုပ်နေသူ ၂.၆ သန်းကနေ ၃ သန်းကြားလောက် ရှိပါတယ်။ အများစုဟာ ထိုင်းနိုင်ငံသားတွေ လက်ရှောင်လေ့ရှိပြီး D သုံးလုံးလို့ ခေါ်ဝေါ်တတ်ကြတဲ့ ညစ်ပတ်တဲ့ (Dirty)၊ အန္တရာယ်များတဲ့ (Dangerous)၊ ခက်ခဲတဲ့ (Difficult) လုပ်ငန်းခွင်မျိုးတွေမှာ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

Ref: Bangkok Post