မေ ၊ ၂၄
ရခိုင့်ပြည်နယ်အတွင်း နယ်မြေထက်ဝက်ကျော်လောက်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA က သူတို့ထိန်း ချုပ်နယ်မြေတွေထဲမှာ စစ်ဘေးရှောင်ငါးသိန်းလောက်အထိရှိနေပြီလို့ ဒီကနေ့ ထုတ်ပြန် အသိပေးပါတယ်။
လတ်တလော ရှုပ်ထွေးမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊မောင်တောမြို့နယ်တွေမှာတော့ စစ်ဘေးရှောင်စုစုပေါင်း နှစ်သိန်းလောက်ရှိပြီး အဲ့ဒီအထဲက အများစုဖြစ်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ မွတ် ဆလင်တွေဖြစ်ပြီး နှစ်ဆယ်ရာခိုင်နှုန်းလောက်ကတော့ ရခိုင်နဲ့ တခြားလူနည်းစုတွေဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေကို လက်ရှိအထိ အခြေခံအစားအစာတွေထောက်ပံ့ပြီး စောင့်ရှောက်ထားပေမယ့် လာမယ့် မိုးတွင်းကာလအတွက် အမိုးအကာတွေအပါအဝင် ရိက္ခာ၊ဆေးဝါးနဲ့ လူသုံးကုန်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ရက်ကစတင်ခဲ့တဲ့ AA နဲ့စစ်ကောင်စီတို့တိုက်ပွဲတွေအတွင်း လက်ရှိအထိ ရခိုင်ပြည်နယ် ထဲက မြို့နယ်ကိုးခုနဲ့ ရခိုင်နဲ့ချင်းအစပ် ပလက်ဝမြို့နယ်တို့ကို AA ကသိမ်းပိုက်ထားပါတယ်။ဘူးသီးတောင်မြို့နယ် ကိုတော့ အခုလ ၁၈ရက်ကမှ AAက အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်နဲ့ထိစပ်နေတဲ့ မောင်တောမြို့နယ်အတွင်းဒေသတချို့ကိုလည်း AA က သိမ်းပိုက်ထားနိုင်ကာ မြို့နယ်တခုလုံးရဖို့အတွက် ဆက်လက်ထိုးစစ်ဆင်နေဆဲပါ။ဒီအတောအတွင်း ရခိုင်ဒေသတိုက်ပွဲကာလတွေမှာ AA အနေနဲ့ ရိုဟင်ဂျာတွေ(AAက မူဆလင်တွေလို့သုံးနှုံး)အပေါ် ဦးတည်တိုက်ခိုက်မှုတွေရှိတယ်ဆိုပြီး ဝေဖန်စွပ်စွဲမှု တွေရှိနေပါတယ်။
အာရက္ခတပ်တော် AA ကတော့ အဲ့ဒီစွပ်စွဲချက်တွေကို ပယ်ချထားတဲ့အပြင် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အဖြစ်ရောက်လာကြတဲ့ပြည်သူတွေတိုင်းကိုလည်း အာရက္ခဒေသနေပြည်သူတွေအဖြစ် တန်ဖိုးထားကာ လူမျိုး၊ ဘာသာမရွေး မခွဲခြားဘဲကူညီကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ဘေးရှောင်တွေအတွက် နေ့စဉ်သုံး အခြေခံအစားအစာအပြင်၊ ကလေးနဲ့အမျိုးသမီးသုံးပစ္စည်းတွေ ၊အမိုးအကာ၊ အိမ်သာတွေလာမယ့်မိုးကာလမှာ အရေးတကြီးလိုအပ်လာမှာဖြစ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စေတနာရှင်အဖွဲ့အစည်းတွေ၊ NGO အဖွဲ့ အစည်းတွေနဲ့အလှူရှင်တွေအနေနဲ့ ကူညီပေးကြဖို့လည်းAA က တိုက်တွန်းထားပါတယ်။
လက်ရှိရခိုင်ဒေသအခြေအနေနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိနေချိန်မှာ အဖြစ်အပျက်အမှန်တွေကို မျက်ကွယ်ပြု ပြီး လိုရာဆွဲပြောဆိုရေးသားမှုတွေကို ခပ်စိပ်စိပ်တွေ့နေရတယ်လို့လည်း AA က ဝေဖန်ထားပါသေးတယ်။