မေ၊ ၂၂
ပြည်ထောင်မစုမအလမြန်မာနိုင်ငံရဲ့ နေပူတော်မှာ “ကြိုက်တာယူ ၂၅ ပြား” ဆိုတဲ့ စတိုးဆိုင်ကြီးဖွင့်ထားသတဲ့။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ အဲဒီကနေ ပြန်လာတဲ့ မိတ်ဆွေတချို့ပြောလို့သိရတယ်။ ဆိုင်အခင်းအကျင်းက မျက်စိတဆုံး မကုန်ဘူးဆိုပဲ။ အနှီဆိုင်မှာ ပစ္စည်းတွေလည်း စုံတယ်။ စိတ်ကြိုက်ရွေးယူလို့ရတယ်။ ကြိုက်တာယူမှ ၂၅ ပြားလို့ လည်း ဆိုပြန်သေးတယ်။ ဘယ်လိုဆိုင်မျိုးပါလိမ့်။
ဒီနေ့ခေတ်လို အမေရိကန်တဒေါ်လာ ၄၀၀၀ ကျော်၊ ၅၀၀၀ ပတ်ချာလည်၊ ရွှေတကျပ်သား ကျပ်သိန်း ၅၀ ကျော် နေချိန် ကြိုက်တာယူ ၂၅ ပြားဆိုသဟာကြီးက ကြမ်းလွန်းတာမို့ ကိုရင်လည်း အနှီနေရာကို မရောက်ရောက်အောင် သွားခဲ့တော့တာပေါ့။
အဲ…ရောက်တယ်ဆိုရင်ပဲ မျက်စိတဆုံးကြည့်ရတဲ့ဆိုင်မျက်နှာစာအပြည့် “ကြိုက်တာယူ ၂၅ ပြား”ဆိုတဲ့ ဆိုင်းဘုတ် ကြီးဟီးထနေအောင် ရေးထိုးချိတ်ဆွဲထားတာကိုစတွေ့ရတော့တာပါပဲ။ ဆိုင်ထဲကို လှမ်းဝင်လိုက်တယ်ဆိုရင်ပဲ မိန်းမပျိုလေးတစ်ဦး အနားရောက်လာပါတယ်။
“ကြိုက်တာယူမှ ၂၅ ပြားပါရှင့်။ လူကြီးမင်း စိတ်ကြိုက်ရွေးယူလို့ရပါတယ်။ ကျွန်မ လိုက်လံရှင်းလင်း ပြသပေးပါ့ မယ်ရှင့်”
တယ်ဟုတ်ပါလားဟ။ ၂၅ ပြားတန်စတိုးဆိုင်ဆိုပေမယ့် ဆိုင်စပယ်ယာတွေ ဘာတွေထားပေးလို့ပါလားလို့ စိတ်ထဲ ကတွေးရင်း ဆိုင်အတွင်းထဲ လှမ်းဝင်လိုက်ပါတယ်။ ဆိုင်စပယ်ယာမလေးကလည်း အနောက်ကနေ ကပ်လိုက်လာ ပါတယ်။ အရပ်ပုပုလုံးလုံး၊ အသားမည်းမည်းအပေါ်မှာ အိုးမဲထပ်ဆင့်သုတ်လိမ်းထားတဲ့မျက်နှာပိုင်ရှင်လူတ ယောက်အရှေ့ရောက်တယ်ဆိုရင်ပဲ ဆိုင်စပယ်ယာမလေးက –
“သူကတော့ ဇော်မဲလုံးလို့ ခေါ်ပါတယ်ရှင့်။ ၂၅ ပြားပါ။ သူက ‘ဗျူဟာအရ ဟပေးလိုက်ချိန် ဓာတ်ပုံဝင်ရိုက်သွားတာ ပါ’၊ ‘အဂိန်း…အဂိန်း’၊ ‘အာ့ကျကျ…အာ့ကျကျ’ဆိုတဲ့စကားတွေကို ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင် ပြောတတ်ပါ တယ်ရှင့်”
စတိုးဆိုင်စပယ်ယာမလေးက ဘယ်ဆိုးလို့လဲ။ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ ဘာ့ကြောင့် ၂၅ ပြားတန်သ လဲဆိုတာတွေကအစ စိတ်ရှည်ရှည်နဲ့ရှင်းပြသားပဲ။ ဒါနဲ့ ဒီမှာ ရောင်းတာက သက်မဲ့ပစ္စည်းတွေလို့ ထင်ထားတာ။ အဲဒါတွေမဟုတ်ဘဲ သက်ရှိတွေလားလို့ မေးကြည့်တော့ ‘ဟုတ်တယ်’လို့ ဖြေတယ်။ ပြီးတော့ ဒီခန်းမဟာ ဇော်မဲလုံး ဦးဆောင်တဲ့ သတင်းညာလော်ဘီအဖွဲ့တွေကို သီးသန့်ထားတဲ့အခန်းဖြစ်ကြောင်း၊ သတင်းအချက်အလက်တွေကို ဗြောင်ကျကျလိမ်ခိုင်း၊ ညာခိုင်းချင်ရင်တော့ သူတို့ထဲကကြိုက်နှစ်ရာကို ရွေးချယ်နိုင်ကြောင်းလည်း အကြံပြုပါ တယ်။
ဆိုင်စပယ်ယာမလေးနဲ့အတူ စကားပြောရင်း ရှေ့ဆက်လျှောက်လာချိန် အသံစူးစူးတသံကို အဆက်မပြတ်ကြား လိုက်ရပါတယ်။ အသံလာရာဆီ ကိုရင်တို့ လျှောက်သွားကြည့်တော့ “Sold Out”၊ “Sold Out” ဆိုတာကိုသာ တကြော်ကြော်အော်နေသူကို တွေ့ရပါတယ်။
လက်စသတ်တော့ ကျော်ဆိုးအောက်ဖြစ်နေတာကိုး။ သင်းက မြို့တွေ၊ နယ်တွေ၊ တပ်ရင်း၊ တပ်မတွေကို အော်အော် ရောင်းနိုင်ရုံသာမက ကိုယ့်ဖာသာကိုယ်တောင် အော်ရောင်းနိုင်စွမ်းရှိသူအဖြစ် နိုင်ငံကျော်ခဲ့သူဆိုတော့ စပယ်ယာမ လေးဘက်က အထူးမိတ်ဆက်ပေးစရာတောင် မလိုတော့ပါဘူး။ စစ်ကြောရေးရောက်ရုံရှိသေး ခုနစ်ပေါင်ထိုးကျ သွားတယ်ဆိုကတည်းက သင်းလည်း ၂၅ ပြားတန်နေပါပြီ။
အဲဒီအခန်းထဲမှာ နွေခေါင်ခေါင်အနွေးထည်အထူကြီးဝတ်ပြီး တွေ့ရာ၊ မြင်ရာထိုင်ဆဲနေသူတယောက်ကိုလည်း တွေ့ပါတယ်။ ဒီလောက်ပူလောင်နေတဲ့ နွေပူပြင်းထဲ အနွေးထည်ကြီးဝတ်ထားတာနဲ့တင် သင်းလည်း ၂၅ ပြား တန် နေပြီလို့ စိတ်ထဲက မှတ်ချက်ပြုလိုက်ပါတယ်။ ပြီးတော့ သူ့ကိုသူ ‘ဆရာကလေ၊ ဆရာကလေ’ဆိုတဲ့ တယောက်၊ မိုက်ကြီးတရမ်းရမ်းနဲ့ ပါးစပ်သရမ်း၊ လက်သရမ်း၊ ခြေသရမ်းတတ်တဲ့ တယောက်၊ Live လွှင့်ပြီး ငိုပြရတာကို စွဲလမ်း နေသူတယောက်၊ သူရို့အဘကို အထူးစပယ်ရှယ်ပက်ကေ့နဲ့ သီးသန့်ထိုင်ဆဲနေသူသုံးလေးငါးယောက်၊ ရေသည် ထော့ကျိုးဆိုသူတယောက်တို့ကိုလည်း လူစုံတက်စုံဆိုသလို တွေ့ခဲ့ရပြန်ပါသေးတယ်။ အဲဒီလူစုံထဲ ကတုံးတွေ တောင်ပါသေး။
ဇော်မဲလုံးဦးစီးတဲ့ ၂၅ ပြားတန် သတင်းညာလော်ဘီအရောင်းခန်းမကိုဖြတ်လို့ နောက်ခန်းမတစ်ခုဆီအကူး ကာ ထားတဲ့ လိုက်ကာစကိုဖယ်ပြီး ရှေ့ဆက်လျှောက်မယ်လုပ်တုန်း အနှီလိုက်ကာစကြားကနေ လူတစ်ယောက် ထွက် လာတာကို တွေ့လိုက်ရပြန်ပါတယ်။ ပါးစပ်မှာလည်း အမြှုပ်တစီစီနဲ့ပေါ့။
“သူက ကျော်မိုးမလင်းလေ။ သတင်းမှန်တွေကို ဖုံးဖိ၊ ပုံဖျက်၊ သတင်းမှားတွေကို အင်နဲ့အားနဲ့ ဖြန့်ချိတဲ့နေရာမှာ ထူးချွန်သူပါ။ သတင်းလိမ်တွေကို နေ့စဉ်နဲ့အမျှ နာရီနဲ့ချီ ပါးစပ်ကအမြှုပ်တစီစီ ထွက်တဲ့အထိ လိုက်ကာစကြီး နောက်ခံထားပြီး ဗြောင်လိမ်နိုင်တဲ့အစွမ်းရှိသူပါ”လို့ ဆိုင်စပယ်ယာမလေးက ရှင်းပြပါတယ်။ လူမျိုးရေး၊ ဘာသာ ရေးဝါဒမှိုင်းတိုက်လည်း အလွန်တော်တယ်လို့ ဆိုပါတယ်။ ဇော်မဲလုံး အားအထားရဆုံး၊ သူ့ခြေရာကို အနင်းနိုင်ဆုံး သူထဲကတယောက်ပေါ့လို့လည်း သူက ဆက်ရှင်းပြပါတယ်။
အဲဒီအခန်းကနေကျော်လွန်လာပြီး နောက်အခန်းတခုရှေ့က ဖြတ်ချိန် မှိုနှံ့ရလို့ မေးကြည့်တဲ့အခါ စစ်ကောင်စီက အသုံးမလိုတော့လို့ ချောင်ထိုးထားသူတွေကို သီးသန့်ထားတဲ့အခန်းပါတဲ့။ လိုတဲ့အခါသုံးဖို့ ဆောင်ထားတဲ့ လိုသုံး တွေလည်း ဖြစ်ပါတယ်တဲ့။ အဲဒီထဲမှာ ပါတီခေါင်းဆောင်ဆိုသူကြီးတွေပါသလို တချိန်က တိုင်းရင်းသားခေါင်း ဆောင်ဆိုသူကြီးတွေလည်း ပါပါတယ်။ သူတို့လည်း ကြိုက်တာယူ ၂၅ ပြားပါပဲလို့ ဆိုင်စပယ်ယာမလေးက ရှင်းပြပါ တယ်။
အဲဒီကနေ ကျော်လွန်ပြီး နောက်အခန်းတခုရှေ့ရောက်ပြန်ပါတယ်။ အနှီအခန်းထဲဝင်ဖို့ တံခါးနားကပ်ကြည့်တော့ “မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ… မျက်စိမှိတ်လို့ အိပ်တဲ့အထိတောင် စားချင်နေတယ်…ဝမ်းနည်းပက်လက် စိတ်ညစ်တဲ့အခါ စားမိတာပဲ” ဆိုတဲ့ အဲလက်စ်သီချင်း “စားမှာပဲ” ထဲက စာသားတပိုင်းတစက အခန်းထဲကနေ လွင့် ပျံလျှံထွက်လာပါတယ်။ ဒီအခန်းဟာ အစားသောင်းကျန်းသူတို့ကို သီးသန့်ထားတဲ့အခန်းဖြစ်ကြောင်း ဆိုင်စပယ် ယာမလေးက ရှင်းပြပါတယ်။ အခန်းထဲဝင်ကြည့်မယ့်ခြေလှမ်းတွေတောင် တွန့်သွားပါတယ်။ ဒါနဲ့ ခြေထောက် တွေကို နောက်ပြန်ရုပ်လိုက်ပြီး “ဒါလည်း ၂၅ ပြားတန်တွေပဲလား”လို့ ဆိုင်စပယ်ယာမလေးကို မေးကြည့်တော့ “ဟုတ်တယ်”လို့ ဖြေပါတယ်။ သူတို့ကို ဝယ်မယ်ဆိုရင် အနည်းဆုံးတော့ ပါးစပ်ထဲဝါးလက်စ ဒေါ်လာတွေ၊ ရွှေတွေ ပါလာကောင်းရဲ့လို့ စိတ်ထဲကနေ စီးပွားတွေး တွေးနေမိပြန်ပါတယ်။
အဲဒီအခန်းကိုလွန်တော့ စိတ်ဝင်စားဖွယ်နောက်တစ်ခန်းကို တွေ့ပါတယ်။ ဒီအခန်းမှာတော့ ထိုင်ခုံကိုယ်စီ ရှေ့မှာ စစ်ယူနီဖောင်းဝတ်တွေ မတ်တပ်ရပ်လျက်တညီတညာတည်းရှိနေတာကို တွေ့ရပါတယ်။ တချိန်တုန်းက လွှတ် တော်ထဲသွားပြီး မတ်တပ်ရပ်ပေးကြရတဲ့ ပြည်သူရွေးကောက်မခံရသူတို့ဖြစ်တယ်လို့ ဆိုင်စပယ်ယာမလေးက ရှင်းပြပါတယ်။ မတ်တပ်ရပ်နေကြပေမယ့် သူတို့အတွက် ထိုင်ခုံတွေတော့ စီစဉ်ပေးထားရပါတယ်တဲ့။ မစီစဉ်ပေး ရင် အကြမ်းဖက်မယ်၊ လူသတ်မယ်၊ မုဒိန်းကျင့်မယ်တကဲကဲနဲ့မို့ပါတဲ့။ အင်း…သင်းတို့ကတော့ လွှတ်တော်ထဲ မတ်တပ်ရပ်နေခဲ့ကြစဉ်ကတည်းက ၂၅ ပြားတန်နေခဲ့ပြီလို့ မှတ်ချက်ပြုလိုက်ပါတယ်။
ဒီလိုနဲ့ ‘ကြိုက်တာယူ ၂၅ ပြား’စတိုးဆိုင်ကြီးထဲမှာ တခန်းပြီးတခန်းဖြတ်ကျော်လာပြီး နောက်ဆုံးအခန်းကို ရောက် လာပါတယ်။ အနှီအခန်းက စားပွဲအရှည်ကြီး ခင်းကျင်းထားတဲ့ အစည်းအဝေးခန်းမကြီးပါပဲ။ အဲဒီစားပွဲရှည်ကြီး ပတ်ချာလည်မှာ တိုက်ပုံအဖြူ၊ ချိတ်ထဘီတွေ ကိုယ်စီဝတ်ဆင်ထားကြသူတွေပတ်လည်ဝိုင်းထိုင်နေကြပါတယ်။ အမြီးလေးတွေ တနှံ့နှံ့နဲ့ပေါ့။
စားပွဲထိပ်ဆုံးခုံမှာတော့ တဦးတည်းထီးထီးကြီးပုနေသူတဦးရှိပါတယ်။ သူ့အနားတိုးကပ်သွားတဲ့အခါမှာတော့ ဘယ်တော့မှ ဦးမညွှတ်ဘူးဆိုတဲ့အထာနဲ့ ကိုရင့်ကို ခေါင်းမော့ကြည့်ပါတယ်။ ပါးစပ်ကလည်း “ဦးမော့လာပြီ … ဦးမော့လာပြီ”လို့ အဆက်မပြတ်ရွတ်နေပါတယ်။ ဒီအချိန်မှာပဲ ဆိုင်စပယ်ယာမလေးက စကားဆိုဖို့ ဟန်ပြင်လိုက် တယ်ဆိုရင်ပဲ မိမိက လက်ဟန့်တားလိုက်ပြီး ဦးစွာစကားဆိုလိုက်ပါတယ်။
“သူက ခြောက်လတခါအသက်ဆက်နေရတဲ့တယောက် မဟုတ်လား”
ဆိုင်စပယ်ယာမလေး ခေါင်းညိတ်ပါတယ်။
“သူက မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့တယောက် မဟုတ်လား”
ဆိုင်စပယ်ယာမလေး ခေါင်းညိတ်ပါတယ်။
“သူက ကျည်ကာအင်္ကျီကြီးဝတ်ထားတတ်တဲ့တယောက် မဟုတ်လား”
ဆိုင်စပယ်ယာမလေး ခေါင်းညိတ်ပါတယ်။
“သူက ကြက်တွေ၊ ဝက်တွေ၊ နွားတွေနဲ့ မကြာမကြာစကားသွားပြောတတ်တဲ့တယောက် မဟုတ်လား”
ဆိုင်စပယ်ယာမလေး ခေါင်းညိတ်ပါတယ်။
“သူက သူခိုးမဟာသရေစည်သူ သူခိုးသီရိသုဓမ္မဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရထားတဲ့တယောက် မဟုတ်လား”
ဆိုင်စပယ်ယာမလေး ခေါင်းညိတ်ပါတယ်။
“သူက မြန်မာ့စီးပွားရေး ဦးမော့လာပြီလို့ ပြောတဲ့တယောက် မဟုတ်လား”
ဆိုင်စပယ်ယာမလေး ခေါင်းညိတ်ပါတယ်။
“အဲဒါဆို ထွေထွေထူးထူးရှင်းပြမနေပါနဲ့တော့ ၂၅ ပြားတန်ပါတယ်”လို့ မိမိကပဲ မှတ်ချက်ပေးလိုက်ပါတော့တယ်။
ကိုရင့်စကားဆုံးတော့ ဆိုင်စပယ်ယာမလေးက အသာလက်ကုပ်ပြီး နားနားကပ်လို့ စကားတိုးတိုးဆိုပါတယ်။ သူ့ကိုဝယ်မယ်ဆိုရင် လူကြီးမင်းအနေနဲ့ ဆေးပုလင်းလေးတလုံးပါ ပူးတွဲဝယ်ပေးဖို့ လိုမယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အကောင်ကြီးတာမို့ ဆေးနဲ့ပါ ထိန်းမှရမှာမို့ပါတဲ့။
ကိုရင်နွေဦး