မေ၊ ၂၂
အခုနှစ်အတွက် မိုးရာသီ တရားဝင် စတင် ဝင်ရောက်လာပြီလို့ ထိုင်းမိုးလေဝသ ဌာနက သတ်မှတ် ကြေညာခဲ့ပါတယ်။
မေလ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ နွေရာသီ အဆုံးသတ်ခဲ့ပြီး စိုစွတ်တဲ့ မိုးတွင်းကာလလို့ စတင်သတ်မှတ်နိုင်ပြီလို့ ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံရဲ့ အထက်ပိုင်းဒေသတွေထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကို ကြုံတွေ့လာမှာ ဖြစ်ပါတယ်။
အနောက်တောင် မုတ်သုံလေဟာ ထိုင်းနိုင်ငံကို စတင် ဝင်ရောက်နေပြီး ကပ္ပလီ ပင်လယ်ထဲက စိုထိုင်းမှုတွေကို ကုန်းတွင်းဒေသတွေဆီ သယ်ယူလာပေးနေတယ်လို့ ဆိုပါတယ်။ မြေမျက်နှာပြင် အထက် မီတာ ၁၀၀၀၀ လောက်မှာ လေစီးကြောင်းတွေက အရှေ့ဖက်ကို ပြောင်းလဲ ရွေ့လျားလာနေပြီး အဲဒီ အပြောင်းအလဲ အရပ်ရပ်ကို ခြုံငုံ သုံးသပ်တဲ့အခါ မိုးရာသီ စတင်ပြီလို့ သတ်မှတ်နိုင်ကြောင်း မိုးလေဝသ ဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ မိုးရာသီကို နှစ်ပိုင်းခွဲခြား သတ်မှတ်နိုင်ပြီး အထက်ပိုင်း ဒေသတွေမှာတော့ အောက်တိုဘာ လလယ်လောက်ကျရင် မိုးရာသီ ကုန်ဆုံးသွားဖွယ် ရှိပါတယ်။ ဒါပေမဲ့ တောင်ပိုင်းဒေသတွေ၊ အထူးသဖြင့် အရှေ့ဖက် ကမ်းရိုးတန်းတွေမှာ ဇန်နဝါရီ လလယ်ထိ မိုးဆက်ရွာဖွယ် ရှိတယ်လို့ ဆိုပါတယ်။
မိုးလေဝသ ဌာနက ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း ဒေသတွေ၊ အလယ်ပိုင်းလွင်ပြင်နဲ့ တောင်ပိုင်း ကမ်းရိုးတန်းတွေမှာ မေလ ၂၁ ရက်ကနေ ၂၄ ရက်အတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံလာနိုင်တယ်လို့လည်း ခန့်မှန်းပေးထားပါတယ်။
အဲဒီကာလအတွင်း ရေကြီးမှု၊ ရေဝပ်မှုနဲ့ တခြား ပြဿနာတွေ ကြုံလာနိုင်တာကြောင့် ဒေသခံတွေ ကြိုတင် ပြင်ဆင်ထားဖို့လည်း မိုးလေဝသဌာနက ဆော်ဩထားခဲ့ပါတယ်။
Ref: Bangkok Post