ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်တွေအပေါ် IAEA သတိပေး

မေ၊ ၂၁

ကမ္ဘာအနှံ့မှာ ရေဒီယို သတ္တိကြွ ဓာတ်ပစ္စည်းတွေ ပျောက်ဆုံးမှု အများအပြား ဖြစ်နေတဲ့အပေါ် ကုလသမဂ္ဂ နျူကလီးယားအရေး စောင့်ကြည့်သူတွေက ပြောပါတယ်။

နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)ရဲ့ ထူးခြားဖြစ်စဉ်များနဲ့ မှောင်ခိုမှုများဆိုင်ရာ အချက်အလက်တွေအရ မနှစ်က နိုင်ငံပေါင်း ၃၁ ခုမှာ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ပျောက်ဆုံးမှု စုစုပေါင်း ၁၆၈ ခုထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပျောက်ဆုံးမှုတွေမှာ နောက်ခံ အကြောင်းတရားတွေက ပေါ့ဆလို့၊ အခိုးခံရလို့ စသဖြင့် အမျိုးမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ပျောက်ဆုံး ပစ္စည်းတွေဟာ မှောင်ခိုစျေးကွက်တွေထဲ ရောက်ရှိပြီး နျူကလီးယား စစ်လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ဆိုးယုတ်တဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ လက်ထဲကို ရောက်ရှိသွားမှာကို အလေးအနက် စိုးရိမ်သင့်ကြောင်း IAEAက ဆိုပါတယ်။

IAEAရဲ့ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဲဒီလို ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ခိုးယူခံရမှု ဖြစ်စဉ်ပေါင်း ၄၂၀၀ ကျော် စာရင်းရရှိထားပြီး မှောင်ခိုသမားတွေနဲ့ မလျော်မကန် အသုံးချသူတွေလက်ထဲ အများအပြား ရောက်ရှိသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

၁၉၉၃ ခုနှစ်ကစလို့ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ အကြောင်းအမျိုးမျိုးနဲ့ ပျောက်ဆုံးမှု ၄၂၄၃ ခုကို စာရင်းရရှိထားရာမှာ ၃၅၀ လောက်ဟာ မလျော်မကန် အသုံးချသူတွေ လက်ထဲ ရောက်ရှိသွားကြောင်း အတည်ပြုထားနိုင်ပါတယ်။

ဒါပေမဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်နဲ့ သော်ရီယမ်တို့လို ဓာတ်သတ္တုတွေကိုတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းသိမ်း ကြပ်မတ်လာတာကြောင့် အဲဒီဓာတ်သတ္တုတွေ ပျောက်ဆုံးမှုကတော့ နှစ်အလိုက် အကျဖက် ဦးတည်လာတယ်လို့ IAEAက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရေဒီယို သတ္တိကြွ ပစ္စည်းတွေက မှောင်ခို လက်နက် စျေးကွက်တွေထဲ ရောက်ရှိသွားခြင်းဟာ နိုင်ငံတကာ လုံခြုံရေး ကဏ္ဍအပေါ် ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်တာကြောင့် အဲဒီ အခြေအနေတွေအပေါ် အလေးအနက် သတိမူ တုံ့ပြန်ဖို့ လိုကြောင်းလည်း IAEAက မှတ်ချက်ပေးထားခဲ့ပါတယ်။

Ref: Al Jazeera