အစ္စရေးတင့်ကားက မှားယွင်းပစ်ခတ်လို့ အစ္စရေးစစ်သားတွေ သေဆုံး

မေ၊ ၁၆

အစ္စရေး တင့်ကားက မှားယွင်းပစ်ခတ်မိလို့ စစ်သည် ၅ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြု ထုတ်ပြန်ပါတယ်။

အောက်တိုဘာလက ဂါဇာမှာ ထိုးစစ်စတင် ကတည်းက အချင်းချင်း မှားယွင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေထဲမှာ အခုတကြိမ်က အဆိုးဆုံးလို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။

မေလ ၁၅ ရက်နေ့က ဂါဇာမြောက်ပိုင်း ဂျာဘာလီယာမှာ ဟားမားစ် ပြောက်ကျားတွေနဲ့ စစ်ခင်း တိုက်ခိုက်နေရင်း အခုလို အမှားအယွင်း ကြုံခဲ့တာလို့လည်း အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ စစ်တပ်က မထုတ်ပြန်ခဲ့ပါဘူး။

အစ္စရေး စစ်တပ်ဟာ မူလက ပြန်လည် ဆုတ်ခွာထားပြီးသားဖြစ်တဲ့ မြို့ထဲမှာ ဟားမားစ်တွေ ခိုအောင်းနေတယ်လို့ ယုံကြည်တာကြောင့် အခုသီတင်းပတ်မှာ တကျော့ပြန် ထိုးစစ်ဆင်ခဲ့တာလို့ ပြောပါတယ်။

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းမှာသာ မကဘဲ တောင်ပိုင်းမှာရှိတဲ့ ရာဖာဟ်မှာလည်း စစ်ဆင်ရေး အရှိန်အဟုန်ကို သိသိသာသာ မြှင့်တင်လာနေပါတယ်။ ရာဖာဟ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက် ပါလက်စတိုင်း ၆ သိန်းလောက် ထွက်ပြေးနေရသလို မြောက်ပိုင်းက တကျော့ပြန် တိုက်ပွဲတွေကြောင့်လည်း စစ်ရှောင်ဦးရေ ၁ သိန်းလောက် ထပ်တိုးလာပါတယ်။

အချင်းချင်း မှားယွင်း ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အစ္စရေး စစ်သား ၅ ယောက်စလုံးဟာ အမှတ် ၂၀၂ လေကြောင်းချီ ချေမှုန်းရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အစ္စရေး စစ်တပ်က အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း သိရပါတယ်။

 Ref: BBC