စခန်းသိမ်းတိုက်ပွဲတွေဆီ စတင်ဦးတည်လာတဲ့ တနင်္သာရီတိုင်းရဲ့ စစ်ရေး


Photo – KNU

မေ ၊ ၁၄

စစ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးကြာတဲ့အထိ ပြောက်ကျားတိုက်ခိုက်မှုတွေသာ အများဆုံးရှိခဲ့တဲ့ တနင်္သာရီတိုင်းထဲမှာ အခု ၂၀၂၄ ခုနှစ် အစောပိုင်းကနေစပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ရှိလာနေပါတယ်။

တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ၊ စစ်ကောင်စီတပ်ရဲ့ ပြန်လည်တုံ့ပြန်မှုတွေ၊ နယ်မြေထိန်းချုပ်နိုင်မှုအနေအထားတွေကရော ဘယ်လိုရှိပါသလဲ၊ စတာတွေကို စုစည်းပြောပြပေးပါ့မယ်။

မြန်မာနိုင်ငံ တောင်ဘက်စွန်း ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းထဲမှာ အခု ၂၀၂၄ ခုနှစ် အစောပိုင်းကနေ လက်ရှိအချိန်ထိ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ရှိလာနေပါတယ်။

အခု မေလ ၈ ရက်ကပဲ ထားဝယ်-မြိတ် ကားလမ်းပေါ်က အင်အား သုံးဆယ်ကျော်ရှိ ပဲဒက်စစ်စခန်းနဲ့ မေလ ၁၁ ရက်က မြိတ်-ကော့သောင်း ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Delta News Agency က ရရှိထားတဲ့ အချက်အလက်တွေအရတော့ ၂၀၂၄ ခုနှစ်၊ ပထမ ငါးလလောက်အတွင်းမှာပဲ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်း ခြောက်ခုထက်မနည်း ရှိပြီဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တနင်္သာရီတိုင်း စစ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာကတော့ တနင်္သာရီတိုင်းထဲ စခန်းသိမ်းတိုက်ပွဲတွေ ရှိလာတဲ့အခြေအနေကို အခုလို ပြောပြပါတယ်။

“လက်နက်ကိုင်တော်လှန်ရေး စတင်တဲ့အချိန်မှာ ကျနော်တို့ တနင်္သာရီတိုင်းကလည်း တနိုင်ငံလုံးနည်းတူပဲ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့တယ်ပေါ့ဗျာ၊ ကျနော်တို့ ရဲဘော်တွေက တောတွေ၊ တောင်တွေထဲမှာ ပြင်ဆင်ရင်းတိုက်၊ တိုက်ရင်းပြင်ဆင်ပေါ့၊ သင်ရင်းတိုက်၊ တိုက်ရင်းသင်နဲ့လာခဲ့တာ အခုသုံးနှစ်ကျော်ပြီ၊ အခု ၂၀၂၄ ခုနှစ်ထဲ ရောက်လာတော့ ကျနော်တို့ ရဲဘော်တွေက ရန်သူရှိတဲ့ နေရာတွေဆီကိုသွားမယ်၊ တိုက်ခိုက်သိမ်းပိုက်မယ်၊ ရန်သူ့စခန်း၊ ရန်သူ့တပ်ရင်းတွေဆီကိုသွားမယ်၊ တိုက်ခိုက်သိမ်းပိုက်မယ်၊ ရန်သူ့စစ်ကြောင်းချီလာရင်လည်း တန်ပြန်ထိုးစစ်တွေနဲ့ ခုခံကာကွယ်သွားဖို့ရှိပါတယ်”

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်း ခြောက်ခုထဲက အများစုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား သုံးဆယ်ကျော်ရှိတဲ့ တပ်စခန်းတွေဖြစ်ကြပြီး ဘုတ်ပြင်းမြို့နယ်ထဲက တပ်စခန်းတခုကလွဲလို့ ကျန်တဲ့တပ်စခန်းတွေကတော့ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့က ဖြစ်ပါတယ်။

ဒါ့အပြင် ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်တွေဘက်မှာလည်း စခန်းသိမ်းပိုက်ရရှိတာမျိုးတွေ မရှိသေးပေမယ့် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိလာနေပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလို တနင်္သာရီတိုင်းထဲက စခန်းသိမ်းတိုက်ပွဲတွေမှာ လေး၊ ငါးရက်ကြာတဲ့အထိ မြေပြင်စစ်ကူပေးပို့နိုင်တာ လုံးဝမရှိတော့ဘဲ လေကြောင်းနဲ့ ရေကြောင်းကနေသာ ပစ်ကူပေးတော့တယ်လို့ ရဲဘော်ဂျိုကာက ပြောပါတယ်။

“ကြည်းကြောင်းကနေ စစ်ကူလာတာမျိုးက သိပ်မလွယ်တော့ဘူး၊ လာနိုင်တာကိုလည်း မတွေ့ရတော့ဘူး၊ ရေကြောင်းကနေပြီးတော့ လက်နက်ကြီးပစ်ကူတွေ လှမ်းပစ်ကူတာမျိုး၊ လေကြောင်းကနေပြီးတော့ ဗုံးကြဲတိုက်ခိုက်တာမျိုး၊ နောက်ပြီးတော့ မဆိုင်တဲ့နေရာတွေကို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေကိုပဲ လုပ်နိုင်တာတွေ့ရတော့တယ်”

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ရှေ့တန်းစခန်းတွေကို စွန့်ခွာသွားတာတွေလည်း ရှိလာနေတယ်လို့ ရဲဘော်ဂျိုကာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကပဲ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာပြီးနောက် ထားဝယ်-ထီးခီး နယ်စပ်ကားလမ်းပေါ်မှာရှိတဲ့ မေတ္တာမြို့ ရဲစခန်းနဲ့ ဟိန္ဒားရွာမှာရှိတဲ့ ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ်စခန်းက တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပါသေးတယ်။

အလားတူပဲ ဧပြီလအတွင်းကလည်း ထားဝယ်မြို့နယ်ထဲက ရှေ့တန်းစခန်းတခုကို အင်အားလာဖြည့်တဲ့ မြိတ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၁၀၃ က တပ်ရင်းမှူး ဦးဆောင်တဲ့ စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်တာခံရပြီးနောက် တပ်ရင်းမှူး အပါဝင် အင်အား ၄၈ ဦး လက်နက်ချခဲ့ပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကတော့ တပ်ဖွဲ့ဝင် အင်အားနည်းလာနေတဲ့ စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းထဲက တိုက်ပွဲတွေမှာ အဓမ္မစုဆောင်းထားသူတွေကို သုံးလာနိုင်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ သူတို့ဘက်က လူအင်အားအရတော့ တော်တော်နည်းနေပြီ၊ ဒါပေမယ့် ကျနော်တို့စိတ်ပူတာတခုကတော့ သူတို့လက်ရှိ ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအပြင် အတင်းအဓမ္မ ပေါ်တာဆွဲပြီးတော့ ခေါ်လာတာတွေလည်းရှိတယ်၊ အဲဒီအခြေအနေတွေကိုလည်း ကျနော်တို့ ထည့်စဉ်းစားဖို့လိုတယ်”

တိုင်းတွင်း သုတေသနအဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရတော့ ပြီးခဲဲ့တဲ့ ဧပြီလအတွင်း တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု ၇၅ ကြိမ်ရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းပြီးကာလတလျှောက် အများဆုံးပမာဏလို့လည်း ဆိုပါတယ်။

လက်ရှိ တနင်္သာရီတိုင်းထဲက တိုက်ပွဲတွေမှာတော့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နဲ့ တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းတွေ၊ NUG ရဲ့ PDF တပ်ရင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။

တနင်္သာရီတိုင်း စစ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာကတော့ လက်ရှိမှာ တနင်္သာရီတိုင်းထဲက လက်နက်ကိုင်တော်လှန်ရေးတပ်တွေရဲ့ စုဖွဲ့မှု အားကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ DNA ကို ပြောပါတယ်။

“အရင်ကတော့ အားမလို အားမရမှုတွေ ရှိခဲ့တာပေါ့ဗျာ၊ ERO တွေက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကို ကျနော်တို့ ထင်ထားသလောက်မကူခဲ့ဘူးပေါ့၊ ဒါပေမယ့် အခုအချိန်ကာလမှာတော့ တော်တော်လေးထင်သာမြင်သာရှိလာတယ်၊ ကျနော်တို့နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေလုပ်လာတယ်၊ သူတို့ဘက်က ကူနိုင်သလောက်ကူနေတာကို ကျနော်တို့ တွေ့ရတယ်”

တဖက်မှာလည်း အခုလို တိုက်ပွဲအရှိန်မြင့်လာတဲ့အချိန် တော်လှန်ရေးတပ်တွေအတွက် လိုအပ်ချက်တွေလည်း များလာနေပြီး လက်နက်ခဲယမ်းလိုအပ်ချက်က အဓိကဖြစ်တယ်လို့ ဆိုကြပါတယ်။

“အဓိက လိုအပ်တာကတော့ လက်နက်ခဲယမ်းပဲ၊ လက်နက်ခဲယမ်းရှိရင်တော့ ဘယ်စခန်းမဆို ကျနော်တို့ တိုက်လို့ရတယ်၊ ပြီးတော့ လတ်တလော ရဲဘော်တွေ လိုအပ်နေတာက ကျည်ကာဦးထုပ်ရယ်၊ ကျည်ကာအင်္ကျီရယ်ဗျ၊ အဓိကကတော့ မလိုအပ်ဘဲနဲ့ပေါ့ဗျာ ရဲဘော်တွေရဲ့အသက်ကို ဆုံးရှုံးမှုနည်းအောင်ပေါ့”

တနင်္သာရီတိုင်းထဲမှာ အခုလိုတိုက်ပွဲတွေ ပိုများလာတာနဲ့အတူ အရပ်သားထိခိုက်သေဆုံးတာ၊ ဒေသခံတွေ စစ်ဘေးရှောင်ရတာတွေလည်း ပိုများလာနေပါတယ်။

FE5 Tanintharyi အဖွဲ့ရဲ့ စာရင်းအရတော့ အခုနှစ် ဧပြီလအကုန်အထိ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ခြောက်သောင်းနီးပါးအထိရှိနေပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကအရေအတွက်နဲ့ နှိုင်းယှဉ်ပါက နှစ်သောင်းနီးပါး ပိုများလာနေပါတယ်။

တော်လှန်ရေးတပ်တွေဘက်က အခုလို စခန်းသိမ်းတိုက်ပွဲတွေ ပိုလုပ်လာနေတဲ့အချိန် တင်္သါရီတိုင်းထဲရှိ စစ်ကောင်စီတပ်ကတော့ မြို့ပေါ်ဧရိယာတွေနဲ့ သူတို့ရဲ့ အခြေစိုက်စခန်းတွေကိုပဲ အဓိက ထိန်းချုပ်ထားနိုင်ပါတော့တယ်။

ရဲဘော်ဂျိုကာကတော့ နယ်မြေထိန်းချုပ်နိုင်မှု လျော့နည်းလာနေတဲ့ တနင်္သာရီတိုင်းထဲက စစ်ကောင်စီတပ်ရဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

“စစ်ကောင်စီရဲ့ အခြေအနေကို ချုပ်ပြီးတော့ ပြောရရင် မြို့ပြကိုပဲ သူတို့ ထိန်းချုပ်ထားနိုင်တာ တွေ့ရတယ်၊ ဒါပေမယ့် မြို့ပြကိုတောင်မှာ ကျနော်တို့က ခြိမ်းခြောက်နေပြီပေါ့နော်၊ စစ်ကောင်စီ ကင်းလှည့်ရင် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သူတို့ရဲ့ ကင်းလှည့်ယာဉ်တန်းတွေကို ကြားဖြတ်ပြီးတော့ တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်နေပြီပေါ့၊ကျနော်တို့တိုင်းထဲမှာတော့ တစစပြိုလဲနေပြီလို့ ကျနော်တော့မြင်ရတယ်”