လောင်းလုံမှာစစ်ကောင်စီက နေအိမ် ၁၅၀ ကျော်မီးရှို့၊ အရပ်သားတဦးသေဆုံး

မတ်၊ ၂၂

တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ်က ကျေးရွာနှစ်ရွာကို မနေ့က မတ် ၂၁ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသလို အရပ်သားတကိုလည်း သေနတ်ပစ်ခတ်ခဲ့လို့ သေဆုံးတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရေကြောင်းလမ်းကနေတဆင့် လောင်းလုံးမြို့နယ် ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ် ကျေးရွာဘက်ကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပြီး အကြောင်းပြချက်မရှိဘဲ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ညောပြင်ကို အရင်ရှို့တာ၊ ညောပြင်ဆို အားလုံးပေါင်း အိမ် ၁၀၀ နီးပါးလောက်ရှိတယ်။ ဒါတင်မကသေးဘူး၊ အောက်ကျောက်ဝပ်ကို ထပ်ဝင် အဲဒီကရွာမှာလည်း ၅၀ လောက် ထပ်ရှို့သွားတာ။ ၂၀ ကျော်အရွယ်ဒေသခံတဦးကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်။” ဟု ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာထဲ စစ်ကြောင်းထိုးမဝင်ရောက်ခင်မှာ သတင်းကြိုသိခဲ့ရတာကြောင့် တချို့ဒေသခံတွေက နေအိမ်ရှိ တန်းဖိုကြီးပစ္စည်းတွေကို ယူဆောင်ကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်ခဲ့သူများရှိသလို တချို့ကတော့ ရွာထဲဝင်လာတဲ့အချိန်မှသာ ရုတ်တရက်ထွက်ပြေးခဲ့ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နေအိမ်တွေ မီးရှို့ခံထားရတဲ့ ဒေသခံတွေက နေထိုင်စရာအခက်အခဲဖြစ်ပေါ်နေသလို လတ်တလောစားသောက်ဖို့အတွက် ရိက္ခာတွေလည်း လိုအပ်ချက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“အခု ရွာထဲက လူတွေ အိမ်အဆောင်တွေ မီးရှို့ခံရတော့ မကျန်တော့ဘူးလေ။ သူတို့အတွက် စားသောက်ဖို့ အခက်အခဲရှိတာပေါ့။ နေထိုင်ဖို့ကအစ။ တချို့ကတော့ အိမ်ကို ပြန်လာပြီး ယူလို့ရတာ ရှာတာပေါ့။ တချို့ကြိုရှောင်နေတဲ့သူတွေက ပြဿနာမရှိပေမယ့် ဝင်လာတဲ့ အချိန်မှ ပြေးလိုက်ရတဲ့သူတွေအတွက်က ပိုခက်ခဲတာပေါ့။ ဘာမှလည်း မကျန်တော့ဘူး။ လတ်တလော စားသောက်ဖို့က အစပေါ့နော်။” ဟု ၎င်းက ပြောပါတယ်။

ညောပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာဆိုရင် ထားဝယ်မှာ ခရီးသွားဧည့်သည်တွေ စည်းစည်းကားကားနဲ့ လာရောက် လည်ပတ်လေ့ရှိတဲ့ ဖိုးဖိုးကျောက်ကမ်းခြေကို အနီးမှာ တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေကလည်း အဲဒီပင်လယ်ကမ်းစပ်ကနေ ဝင်ရောက်လာကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ယခင်က စစ်ကောင်စီတပ်ဖွဲ့တွေ လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ရာမှာ ကုန်လမ်းကိုသာ အဓိက အသုံးပြုခဲ့ပြီး ကုန်လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ ခြုံခိုတိုက်ခိုက်ခံနေရတာကြောင့် ယခုနောက်ပိုင်းမှာ ရေလမ်းကို အဓိက ပြောင်းလဲအသုံးပြုလာတာဖြစ်ပါတယ်။

လက်ရှိမှာလည်း လောင်းလုံမြို့နယ်ထဲကို ဒီလကအစောပိုင်းကစပြီးစစ်ကြောင်းသုံးကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားရာနယ်မြေကို နယ်မြေရှင်းလင်းဖို့ ရေလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ပင်လယ်ကမ်းစပ်ရှိတဲ့ ကျေးရွာတွေကို အဓိက မီးရှို့ဖျက်ဆီးတာဖြစ်နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက သုံးသပ်ပါတယ်။

“ဒီကောင်တွေ အရင်က ကုန်လမ်းကို အဓိကထားပြီး စစ်ကြောင်းထိုးတယ်။ အဲမှာ ခဏခဏ ခြုံခိုတိုက်ခိုက်ခံရတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ရေလမ်းကိုလည်း ပိုသုံးလာတယ်။ တခြားကုန်လမ်းကို မသုံးတာမဟုတ်ဘူး။သုံးတယ်’’ လို့ ပြောပါတယ်။

အောက်ကျောက်ဝပ်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ရေလမ်းကနေတဆင့် ယင်းနေ့မှာပဲ ဆုတ်ခွာသွားပြီး လက်ရှိ ဘယ်နေရာမှာ တပ်စွဲထားတာကို မသိရသေးပေမယ့် ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဖို့ ရှိနိုင်သေးတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်လာရာမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလုပ်ဆောင်လေ့ရှိပြီး မတ်လ ၂၀ ရက်နေ့ကလည်း ပင်လယ်ကမ်းစပ်ရွာဖြစ်တဲ့ သပြေရှောင်နဲ့ ဘဲအင်းကျေးရွာက နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

သုတေသနအဖွဲ့တခုဖြစ်တဲ့ Southern Monitor က စုစည်းထားတဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ဖေဖော်ဝါရီလ အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ လက်ချက်ကြောင့် တနင်္သာရီတိုင်းမှာ အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ တယ်လို့ ထုတ်ပြန်ထားပါတယ်။