သရက်ချောင်းက ပဲဒက်စစ်စခန်းကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေ

Photo – တနင်္သာရီတိုင်းစစ်ဌာန (ပုံစာ – မေလ ၈ ရက်နေ့၊ ပဲဒက်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတချို့)

မေ ၊ ၁၁ 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက် ရွာမှာရှိတဲ့ စစ်စခန်းကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားပြီး အဲ့ဒီတဝိုက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ 

“စကစဘက်က ရေလမ်းကနေပြီး အင်အားရာချီ သုံးပြီးတော့ ဝင်လာတယ်၊ သရက်ချောင်းမြို့နယ်ရဲ့ ကမ်းရိုးတန်းတလျှောက်လို့ပြောရမှာပေါ့၊ ဝင်လာတဲ့ အပေါက်တွေက များတယ်၊ လက်ရှိအခြေအနေက တော့ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေ ခဏ ပြန်ဆုတ်ထားတဲ့ အနေအထားရှိတယ်” လို့ ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုမင်းထက်က DNA ကို ပြောပါတယ်။ 

ဒါပေမယ့် ပဲဒက်ရွာကိုတော့ တော်လှန်ရေးတပ်တွေ ဘက်က ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေအနေရှိတယ် လို့လည်း ကိုမင်းထက်က ပြောပါတယ်။ 

အင်အား လေးဆယ်ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ထား ဝယ်-မြိတ် ကားလမ်းမပေါ်က ပဲဒက်စစ်ကောင် စီတပ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) တပ်ရင်းတချို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ လေးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေလ ၈ ရက်နေ့၊ မနက်ပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့တဲ့အပြင် ၂၆ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ပြီး လက်နက်မျိုးစုံ သုံးဆယ်နဲ့ ခဲယမ်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ ပါတယ်။ 

အဲဒီနောက်မှာ စစ်ကောင်စီတပ်က စစ်စခန်းပြန်ရရေးအတွက် အနီးအနားဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရေလမ်း ကနေတဆင့် ပဲဒက်ရွာကို ဝင်ရောက်လာပြီး မေလ ၁၀ ရက်၊ မနေ့ကတော့ ပဲဒက်ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ပြန်လည်အခြေချထားနိုင်ပြီလို့ သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တနင်္သာရီ တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာက တော့ ပဲဒက်ရွာကို ဝင်ရောက်လာတဲ့ စစ်ကောင် စီ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“အချိန်နဲ့အမျှ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါ တယ်၊ စစ်ကောင်စီဘက်ကတော့ သူတို့ စွန့်လွှတ် လိုက်ရတဲ့ ပဲဒက်စခန်းဆီကို ကြည်း၊ ရေ လမ်း ကြောင်းစုံက အင်အားစုပြီး လာနေကြတယ်၊ လေ ကြောင်းက ကင်းထောက်တာ ပစ်ကူပေးတာတွေ လုပ်နေကြတယ်”လို့ ရဲဘော်ဂျိုကာက DNA ကို ပြောပါတယ်။ 

သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ် အစပ်မှာရှိ တဲ့ ပဲဒက်စစ်စခန်းဟာ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတဲ့အပြင် ရွာအနောက်ဘက် ခြောက်မိုင်ခန့်အကွာ ကပ္ပလီပင်လယ်ပြင်အထိ ရေလမ်းပေါက်တာကြောင့် အချက်အချာကျတဲ့ စစ်စခန်းတခုဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း စခန်းတိုက်ခိုက်ခံရစဥ် စစ် ကောင်စီတပ်ဘက်က လေကြောင်း၊ ရေကြောင်း ကနေ အပြင်းအထန် ခုခံခဲ့သလို လက်ရှိမှာလည်း စခန်းကို အခိုင်အမာပြန်လည်ထိန်းချုပ်နိုင်ရေး အသည်းအသန် ကြိုးပမ်းနေတာလို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ဆိုပါတယ်။ 

အဲဒီ ပဲဒက်စခန်း သိမ်းပိုက်ခံရတဲ့ မေလ ၈ ရက်နဲ့ ၁၀ ရက်တွေမှာတော့ ပဲဒက်ရွာနဲ့ မိုင်သုံးဆယ်ခန့်အကွာ ပင်လယ်ကမ်းနားရွာဖြစ်တဲ့ ကနက်သီရိရွာနဲ့ အနီးအနားဝန်းကျင်ကို ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်တဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက်ကလေးနှစ်ဦးနဲ့ အမျိုးသားသုံးဦး သေဆုံးခဲ့ပါသေးတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် ပဲဒက်ရွာနဲ့ အနီးဝန်းကျင် ရွာပေါင်းဆယ်ရွာလောက်က ဒေသခံ သုံးသောင်းထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။