အာဂျင်တီးနားမှာ ရထားနှစ်စီး တိုက်မိမှုဖြစ်ပြီး လူသုံးဆယ် ဆေးရုံရောက်

မေ၊ ၁၁

အာဂျင်တီးနား နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ရာက လူပေါင်း ၃၀ ကျော် ဆေးရုံရောက်ခဲ့ကြောင်း သိရပါတယ်။

မေလ ၁၀ ရက်နေ့တုန်းက မြို့တော် ဗြူနိုအေးရိစ်မှာရှိတဲ့ ဘူတာတခုနားမှာ သံလမ်း ပြင်ဆင်ရေး ရထားတစီးကို ခရီးသည်တင် ရထားက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက အခင်းဖြစ်ရာ နေရာကနေ ဆေးရုံပို့ဆောင်ခဲ့ရတဲ့ လူနာပေါင်း ၃၀ ကျော်ရှိကြောင်း၊ တချို့က အခြေအနေ စိုးရိမ်ရကြောင်း ပြောပါတယ်။

ပါလာမို ဆင်ခြေဖုံး ရပ်ကွက်နားမှာ ဖြစ်ပွားတဲ့ မတော်တဆမှုအပြီး ခရီးသည်တင် ရထားပေါ် လိုက်ပါလာသူ ၉၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာတော့ အသေအပျောက် မရှိခဲ့ပါဘူး။ ဒဏ်ရာရသူတွေထဲမှာ ၂ ယောက်လောက်က ခေါင်းကိုထိပြီး အခြေအနေ စိုးရိမ်ရလို့ ရဟတ်ယာဉ်တွေနဲ့ ဆေးရုံကို အမြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတဲ့ ရထားကို ခရီးသည်တင် ရထားက ဘာကြောင့် ဝင်တိုက်မိခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အခုမတော်တဆမှုကြောင့် အဲဒီဧရိယာက ရထားပို့ဆောင်ရေး ဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ရထားမတော်တဆမှုနဲ့ ပတ်သက်လို့ လူထုဆီ အချက်အလက်အားလုံး အသိပေး ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဗျူနိုအေးရိစ် မြို့တော်ဝန် ဂျော့ဂျ်မာခရီက ပြောကြားထားပါတယ်။

Ref: CNA