သရက်ချောင်းက ကနက်သီရိရွာသုံးရက် အတွင်းနှစ်ကြိမ်ဗုံးကြဲခံရ၊ငါးဦးသေဆုံး

Photo- CJ (ပုံစာ – မေလ ၈ ရက်နေ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကနက်သီရိရွာအနီး ရငဲကျေးရွာရှိ တိုက်နယ်ဆေးရုံ)

မေ ၊ ၁၀ 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်ကောင်စီကဒီကနေ့အပါအဝင်သုံးရက်အတွင်း နှစ်ကြိမ်ဗုံးကြဲတာကြောင့် စုစုပေါင်း ဒေသခံငါးဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ စစ် ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ရွာခံအမျိုးသား သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“လေယာဥ်သံကြားလို့ လှေထဲကနေ တက်ပြေးတုန်း ထိသွားတာလို့ ကြားတယ်၊ သုံးယောက်စလုံး တ နေရာတည်းမှာ ထိတာ”လို့ ကနက်သီရိရွာခံ လူငယ်တဦးက DNA ကို ပြောပါတယ်။ 

ရဟတ်ယာဥ်နှစ်စီး၊ လေယာဥ်တစီးနဲ့ ဗုံးအလုံးရေ နှစ်ဆယ်ခန့် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွာအ နောက်ဘက် ပင်လယ်ဝမှာရှိတဲ့ စစ်သင်္ဘောက နေ လည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။ 

အဲဒီ တိုက်ခိုက်မှုအတွင်း အသက် လေးဆယ်ကျော် အရွယ် အမျိုးသား သုံးဦး သေဆုံးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ နေ့တွင်းချင်းပဲ သင်္ဂြုလ်လိုက်ပြီလို့ သိရပါတယ်။ 

“ပင်လယ်မှာရှိတဲ့ သင်္ဘောကနေ ထုလိုက်တာက လည်း (အချက်ရေ)တရာလောက်တောင်ရှိမလားပဲ၊ ညှပ်ပြီးပစ်တာ၊ ကနက်သီရိတရွာလုံးတော့ ရုန်းရင်း ဆန်ခတ်ပဲ”လို့ ကနက်သီရိရွာအနီးရှိ ဝဲရစ်ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ကနက်သီရိ ကျေးရွာထဲကို ပြီးခဲ့တဲ့ မေလ ၈ ရက်၊ ညနေပိုင်းကပဲ စစ်ကောင်စီတပ်က လေယာဥ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘောလုံးကစားနေကြတဲ့ ဆယ် ကျော်သက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။ 

ပင်လယ်ကမ်းနားရွာတရွာဖြစ်တဲ့ ကနက်သီရိ ကျေး ရွာနဲ့ အနီးအနားတဝိုက်မှာတော့ တိုက်ပွဲဖြစ်ပွား တာမျိုးမရှိဘဲ မေလ ၈ ရက်နေ့ မနက်ပိုင်းကတော့ ကနက်သီရိရွာနဲ့ မိုင်သုံးဆယ်ခန့်အကွာ ပဲဒက်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပါတယ်။ 

ဒေသခံတွေကတော့ အဲဒီ ပဲဒက်စခန်းသိမ်း တိုက် ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကနက်သီရိရွာကနေတဆင့် သွားလာလှုပ်ရှား ခဲ့တယ်လို့ စစ်ကောင်စီတပ်က ယူဆတာကြောင့် အခုလိုတိုက်ခိုက်မှုတွေလုပ်တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

အိမ်ခြေ တထောင်ဝန်းကျင်၊ လူဦးရေ ငါးထောင်ဝန်းကျင်ရှိနိုင်တဲ့ ကနက်သီရိရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတချို့ကတော့ အခုလို ဆက်တိုက် တိုက်ခိုက်ခံရမှုတွေရှိလာတဲ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာမယ်လို့ သတင်းတွေကြားရလို့ တိမ်းရှောင်နေကြတာရှိတယ်လို့လည်း သိရပါတယ်။ 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရတော့ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအထိ သုံးနှစ်လောက်အတွင်း နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် အရပ်သား ၉၃၆ ဦးသေဆုံးပြီး ၈၇၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။