ပစ်မှတ်တု ရန်သူသင်္ဘောကို အမေရိကန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျ စစ်တပ်တွေ ပူးပေါင်းနှစ်မြှုပ်

မေ၊ ၉

အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဩစတြေးလျတို့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု အစီအစဉ် တခုမှာ ရန်သူ့ရေယာဉ်အဖြစ် သတ်မှတ်ထားတဲ့ သင်္ဘောကြီး တစီးကို အချိန်တိုအတွင်း ထိထိရောက်ရောက် ချေမှုန်း နှစ်မြှုပ်ပစ်ခဲ့ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား ရေပိုင်နက် အငြင်းပွားမှုတွေ တင်းတင်းမာမာ ဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ် ရေပြင်နားမှာ မေလ ၈ ရက်နေ့က အဲဒီ စစ်ရေးလေ့ကျင့်မှုကို အကောင်အထည် ဖော်ခဲ့တာပါ။ စစ်ရေးလေ့ကျင့်မှုကို လောင်အာမြို့ရဲ့ ကမ်းရိုးတန်း ကမ်းပါးအမြင့် တနေရာကနေ နိုင်ငံတကာ သံအမတ်တချို့က စောင့်ကြည့်ခဲ့တယ်လို့လည်း ဖိလစ်ပိုင် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

သုံးနိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ရဲ့ ဒေသတွင်း စစ်ရေးဩဇာ ချဲ့ထွင်မှုကို တန်ပြန်ဖို့ ရည်ရွယ်ထားပြီး စုစုပေါင်း စစ်သည်အင်အား ၁၆၀၀၀ ကျော်လောက် ပူးပေါင်း ပါဝင်ထားခဲ့ပါတယ်။ Balikatan စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ နှစ်စဉ် ပုံမှန် ပူးတွဲလုပ်ဆောင်မှုဖြစ်ပြီး ဒီနှစ်မှာတော့ ဩစတြေးလျ တပ်ဖွဲ့ဝင် တချို့ပါ ပူးပေါင်းလာတာပါ။

ဩစတြေးလျ လေတပ်ရဲ့ ကင်းထောက်လေယာဉ် တစီးဟာ ပင်လယ်ပြင်မှာ ရန်သူ့သင်္ဘောအဖြစ် သတ်မှတ်ထားတဲ့ ပစ်မှတ်တုကို ထောက်လှမ်း ရှာဖွေမိခဲ့တဲ့နောက် ဩစတြေးလျနဲ့ ဖိလစ်ပိုင် ရေတပ်တွေကို သတင်းပို့ခဲ့ပါတယ်။ အဲဒီနောက် မဟာမိတ် နှစ်နိုင်ငံ ရေတပ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေက ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ ပဲ့ထိန်းဒုံးတွေ အသုံးပြုပြီး အဲဒီရေယာဉ်ကို နှစ်မြှုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ရေတပ်က အခု လက်တွေ့ စစ်ရေးလေ့ကျင့် တိုက်ခိုက်မှုဟာ ဘယ်နိုင်ငံကိုမှ တိတိကျကျ ရည်ရွယ်သတ်မှတ်ထားတာမျိုး မရှိဘူးလို့ ပြောပါတယ်။ တရုတ်ကတော့ တောင်တရုတ်ပင်လယ်ပြင် တဝိုက်မှာ အမေရိကန်တပ်တွေ ဖြန့်ကျက်ပြီး စစ်ရေးလေ့ကျင့်တဲ့ ကိစ္စဟာ ဒေသတွင်း တင်းမာမှုတွေကို မြင့်တက်လာစေနိုင်ကြောင်း ဝေဖန် ကန့်ကွက်ထားပါတယ်။

 Ref: ABC