အောင်ဇေယျစစ်ကြောင်း အင်အားဖြည့်ပြီး ရှေ့ဆက်တိုးနေ

Photo – cobra  စစ်ကြောင်း
မေ၊ ၈

မြဝတီမြို့ကို ပြန်လည်ရရှိဖို့ အပြင်းအထန် စစ် ကြောင်းထိုးနေတဲ့ “အောင်ဇေယျ”စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ နေ့စဥ်တိုက်ပွဲ ဆက် ဖြစ်နေသလို အထိနာနေတဲ့ စစ်ကောင် စီကလည်း တပ်အင်အားဖြည့်တင်းကာ ရှေ့ဆက် တိုးနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“ဖြစ်နေတာက နေ့တိုင်းပဲ ပြောရမှာ၊ အကျအ ဆုံးရှိ နေတာ၊ သူတို့(စစ်ကောင်စီ)အထိနာနေလည်း ရှေ့ ဆက်နေတဲ့သဘောရှိနေတယ်၊ လမ်းကြောင်းသုံးခုနဲ့ ခွဲပြီး ဝင်နေတာပဲ၊ ဒီဘက်လည်း ဝင်မရအောင် ကြားဖြတ်တာတွေ လုပ်နေတယ်”လို့ အမည် မဖော် လိုတဲ့ မြေပြင်တိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ “အောင်ဇေယျ”စစ်ကြောင်းဟာ ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီးပတ်ဝန်းကျင်မှာ ရောက်ရှိနေတာ  သီတင်းပတ်သုံးခုလောက်ရှိလာပေမယ့်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့် ရှေ့ဆက်တိုးမရဖြစ်နေတယ်လို့ ဆိုပါ တယ်။

ဒါပေမယ့် အထိနာနေတဲ့ စစ်ကောင်စီက ပြန်လည် ဆုတ်ခွာတာမျိုးမရှိဘဲ ရှေ့ဆက်တိုးဖို့အတွက် တပ် အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး ပူးပေါင်းအဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကို တုံ့ပြန် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ထပ်တက်လာတဲ့အဖွဲ့တွေ အများကြီး၊ သူတို့က စိတ်ဓါတ်ပိုင်း ကျဆင်းတာ၊ အထိနာနေတာ မှန် တယ်၊ အရာရှိတွေကတော့ လူအင်အားရှိသ လောက်ကို ဖြည့်ပြီး ခုခံတိုက်ခိုက်နေတာက ရှိနေတုန်းပဲ လုပ်နေဆဲပဲ” လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

လက်ရှိ အောင်ဇေယျ စစ်ကြောင်းမှာ တပ်မ(၄၄)နဲ့ (၅၅)လက်အောက်ခံတပ်တွေနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး အဲဒီစစ်ကြောင်းက အထိနာနေတာအတွက် တပ်မ(၇၇)ကိုလည်း ထပ်ပြီး အင်အားဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန် ရေးပူးပေါင်းတို့အကြား မေလပထမအပတ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီတပ်သားဆယ်ဦးထပ်မနည်းသေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းတာဝန်ရှိသူက သတင်းဌာနတွေကို ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း တော် လှန်ရေးပူးပေါင်းအဖွဲ့တွေဆီ လာရောက်ပူး ပေါင်း တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း တိုက်ပွဲအတွင်း အထိနာပြီး တပ် သားလိုအပ်ချက်တွေ ရှိနေတဲ့ စစ်ကောင်စီဟာ မ ကြာခင်ကမှ စစ်မှုထမ်းဥပဒေအရဖွင့်တဲ့ စစ် သင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းထားတဲ့ တပ်သားသစ်တွေကိုလည်း အခုစစ်ကြောင်းမှာ ခေါ်ယူအသုံးပြုထားတယ်လို့ ဆိုပါတယ်။

“၁၈၊ ၂၀ နှစ်အရွယ်တွေပေါ့၊ စစ်ရေးအတွေ့ အကြုံ လည်းမရှိ၊ သင်တန်းနည်းနည်းပါးပါးတက်ပြီးတော့ ရှေ့တန်းပို့ခံလိုက်ရလေ၊ တခုခုဆို ဘာလုပ်ရမှန်း မသိတော့ ပစ်ကြတော့ ထိခိုက်မှုများတာပေါ့” လို့ ကော့ကရိတ်တိုက်ပွဲမှာ ပါဝင်နေတဲ့ နောက်ထပ် ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ DNA ကသီးခြားအတည်မပြုနိုင်သလို ခိုင်မာတဲ့အထောက်အထားတခုခုရထားတာမျိုးလည်းမရှိသေးပါဘူး။

စစ်ကောင်စီရဲ့“အောင်ဇေယျ”စစ်ကြောင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကနေ တိုက်ရိုက်ကွပ်ကဲနေတယ်လို့ CDM စစ်သားတွေကပြောထားကြပါတယ်။ 

အဲဒီစစ်ကြောင်းကိုတော့ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းနဲ့ နဂါးဖြူစစ်ကြောင်းပူးပေါင်းအဖွဲ့တွေက အဓိက တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ကေအဲန်ယူ(ဗဟို)အပါအဝင် တော်လှန်ရေးအင်အားစုဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ကေအဲန်ယူ – တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်ကတော့ အခုလတ်တလောဖြစ်ပွားနေတဲ့စစ်ရေးနဲ့ပတ်သက်ပြီး  ဖြေကြားပေးဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။