ထီးချိုင့်မှာ ဝက်ဂနာကြေးစားတပ်ဖွဲ့ဝင် စစ်သားဖမ်းမိတယ်ဆိုတဲ့ သတင်းမှား

 

မေ ၊  ၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီကို တိုက်ခိုက်ရင်း ရုရှားအခြေစိုက် ကြေးစားတိုက်ခိုက်ရေးတပ်တခုဖြစ်တဲ့ ဝက်ဂနာတပ်ဖွဲ့ဝင်(Wagner mercenary group) တဦးကိုပါ ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ထီးချိုင့်မြို့နယ်၊ အလယ်တောရွာဘက်ကို လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က တိုက်ခိုက်ရာမှာ ဝက်ဂနာကြေးစားတပ်ဖွဲ့(Wagner mercenary group)တံဆိပ်အသုံးပြုထားတဲ့ စစ်ကောင်စီတပ်သားတွေကိုဖမ်းဆီးရမိကြောင်း ထီးချိုင့်- ပြည်သူ့ကာကွယ်ရေး Facebook Page က မေလ ၇ ရက်မှာ စတင်ဖော်ပြခဲ့တာပါ။

ဖမ်းမိသူတွေထဲက တဦးဟာ စစ်ကောင်စီတပ်ရဲ့ SOTF (Special Operations Task Force) Spider Squad အဖွဲ့ခေါင်းဆောင် Captain အဆင့်ရှိကာ ရုရှား Wagner group မှာလည်း Private တပ်သား အဆင့် ဗိုလ်မှုးတဦးဖြစ်တယ်ဆိုပြီး PMC Wagner Group တံဆိပ်ပါစစ်ယူနီဖောင်းပုံ နှစ်ပုံနဲ့စတင် ရေးသားဖြန့်ဝေခဲ့တာကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်လို့ DNA Fact Check Team ကနေ စိစစ်ကြည့်တဲ့အခါမှာ ထီးချိုင့်-ပြည်သူ့ကာ ကွယ်ရေးဆိုတဲ့ Facebook Page ဟာ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေရဲ့ သတင်းထုတ်ပြန်ရေး ယန္တရားတခုမဟုတ်သလို  မေလ ၇ ရက်မှာလည်း ထီးချိုင့်မှာ တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ အတည်ပြုနိုင်ခဲ့ပါ တယ်။

ထီးချိုင့်မှာ မေလ ၇ ရက်က တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာရော Wagner တပ်ဖွဲ့ဝင်တွေကိုဖမ်းမိတယ်ဆိုတာပါ သတင်းအမှားတွေသာဖြစ်သလို “ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး”လို့ အမည်ပေးထားတဲ့ Facebook Page ဟာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာမဟုတ်ဘူးလို့ ထီးချိုင့်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“ကျွန်တော်တို့ ကာကွယ်ရေးပေ့ချ် အစစ်က သုံးရောင်ချယ်နဲ့ပါ၊ ကျွန်တော်တို့ Tigyaing Revolution-TR ကလည်း ထုတ်ပြန်ထားခြင်း မရှိပါဘူးဗျ၊ ကျွန်တော်တို့ဘက်မှာ တိုက်ပွဲလည်း မရှိပါဘူး၊ လွန်ခဲ့တဲ့သုံး လလောက်ကစပြီး တိုက်ပွဲမရှိတာပါ။ ဝါဂနာ ကြေးစားတပ်ကလူတွေ ဒီဘက်ကိုလာစရာအကြောင်း မရှိပါ ဘူး ဖြစ်နိုင်တဲ့အနေအထား မရှိနိုင်ပါဘူး”လို့ သူကပြောပါတယ်။

မေ ၇ ရက်က ထီးချိုင့်မှာ တိုက်ပွဲမဖြစ်သလို ရှရှားကြေးစားတပ်ဖွဲ့ဝင် ဖမ်းမိတယ်ဆိုတာ မဟုတ်မှန်ပဲ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးဆိုတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာဟာ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ ရဲ့ ပေ့ချ် အစစ်အမှန် မဟုတ်ဘူးလို့ Mandalay Free Press-MPF က ရေးသားထားကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ထီးချိုင့်တိုက်ပွဲမှာ ရုရှားအခြေစိုက် ဝက်ဂနာကြေးစားတပ်ဖွဲ့ (Wagner mercenary group)ဝင်ကို ဖမ်းဆီး ရမိတယ်ဆိုတာ သတင်းမှာသားဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေကပြောတဲ့ အ ကြောင်း  People’s Spring ကရေးသားထားတာကိုလည်း ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်။

“ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး” Facebook Page ဟာအရင်ကလည်း တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဖော်ပြခဲ့ဖူးပြီး ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက အခုလိုပဲအယောင်ဆောင် စာမျက်နှာတခုဖြစ်ကြောင်း၊ သူတို့ရဲ့ဖော်ပြချက်တွေ မမှန်ကန်ကြောင်း ရှင်းလင်းခဲ့ရဖူးပါတယ်။

ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှာ “ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး ” ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ “ မိမိတို့တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ခိုက်မှုအား ယနေ့ညမှစ၍ ခေတ္တရပ် ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်” ဆိုပြီး ရေးသားဖော်ပြခဲ့ဖူးပါတယ်။

အဲ့ဒီဖော်ပြချက်ဟာ သတင်းမှားဖြစ်ပြီး အဲဒီပေ့ချ်ကလည်း အတုဖြစ်တဲ့အကြောင်း တော်လှန်ရေးတပ်ဖွဲ့ တွေကို ကိုးကားပြီး  DNA Fact Check ကရေးသားခဲ့တာကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။