နိုင်ငံတကာက ပိုမိုအာရုံစိုက်သင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက အဓမ္မ စစ်မှုထမ်း ခိုင်းစေမှုများ

မေ၊ ၁၁

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း မြန်မာစစ်တပ်ဟာ ၂၀၁၀ ပြည့်နှစ် ကတည်းက မဲခွဲ အတည်ပြုထားခဲ့ပေမယ့် ဘယ်တုန်းကမှ လက်တွေ့ မကျင့်သုံးခဲ့ဖူးသေးတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အသက်သွင်းမယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဲဒီ ဥပဒေအရ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားအရွယ် အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြားအရွယ် အမျိုးသမီးတွေဟာ စစ်တပ်အတွက် အနည်းဆုံး ၂ နှစ် စစ်မှုထမ်းပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။

အဓမ္မ စစ်မှုထမ်း စေခိုင်းမယ့် ကိစ္စဟာ မြန်မာတနိုင်ငံလုံးကို ဆင့်ကဲ ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေကြောင့် အနာဂတ် မသေမချာ ဖြစ်နေတဲ့ လူငယ်တွေကြားမှာ စစ်မှုထမ်း ဥပဒေကြောင့် စိုးရိမ်မှုတွေ ကြီးထွားလာတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နိုင်ငံအနှံ့မှာ စစ်ပွဲတွေ ပိုအရှိန်မြင့်လာသလို အာဏာသိမ်း စစ်တပ်ဖက်က အဆုံးအရှုံးတွေနဲ့ အင်အားပြုန်းတီးမှုတွေ မကြုံစဖူး များပြားလာပါတယ်။ ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရ အောင်ပွဲခံမှုတွေနဲ့အတူ စစ်သားတွေ လက်နက်ချ အလင်းဝင်မှုတွေလည်း မြင့်တက်လာတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ စစ်တပ်ရဲ့ စစ်မှု မထမ်းမနေရ ဆင့်ခေါ်မှုကြောင့် လူထုကြား စိုးရိမ်သောက ရေချိန်ဟာ ပိုမိုမြင့်တက်နေပါတယ်။ စစ်တပ် လက်အောက်မှာ စစ်မှုထမ်းရမယ့်အစား ပြည်ပမှာ အလုပ်သွားလုပ်ဖို့၊ ပညာသွားသင်ဖို့ ရရာနည်းနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြတယ်။

အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ လက်ရှိ အခြေအနေတွေကြောင့် မလွှဲမရှောင်သာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ လူငယ်တွေကို ရွှေ့ပြောင်းခိုလှုံမှုနဲ့ ဒုက္ခသည်ဆိုင်ရာ အခွင့်အရေးတွေ၊ စံနှုန်းတွေနဲ့အညီ လက်ခံ ကူညီဖို့ ပိုပြီး ထဲထဲဝင်ဝင် အာရုံစိုက်သင့်နေပါပြီ။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM)ဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေထဲမှာ မြန်မာစစ်တပ်က ဒေသခံ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး စာရင်းပြုစုနေတဲ့ လူမှုအသင်းအဖွဲ့ တခုဖြစ်ပါတယ်။ HURFOMရဲ့ အဆိုအရ စစ်တပ်ဟာ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးတွေကို အတင်းအကျပ် စစ်မှုထမ်းစေဖို့ စိုးရိမ်လောက်စရာ လုပ်ထုံးလုပ်နည်း၊ နည်းစနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတယ်လို့ သိရပါတယ်။

HURFOMရဲ့ နောက်ဆုံးထုတ် Forced to Fightဆိုတဲ့ စာတမ်းမှာတော့ စစ်တပ်ဟာ သေချာ ပစ်မှတ်ထား ရွေးချယ်ထားတဲ့ နေရာဒေသတွေထဲက လူငယ် အနည်းဆုံး ၆၀၀ လောက်ကို အတင်းအကျပ် စစ်သင်တန်းပေးနေတယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ နောက်ပြီး ဒုတိယအသုတ်အဖြစ် ထပ်မံခေါ်ယူမယ့် လူငယ်တွေ စာရင်းကိုလည်း အာဏာသိမ်းစစ်တပ်က စတင် ပြုစုနေပြီ ဖြစ်ပါတယ်။

အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတဲ့ လုပ်ရပ်ဟာ စစ်တပ်ရဲ့ အာဏာစက် ဆက်လက် တည်မြဲစေဖို့နဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့သက်သက် ရည်ရွယ်ထားတယ်ဆိုတာ မြင်သာနေပြီးသားပါ။ ဒါ့အပြင် ကျယ်ပြန့်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ပြင်းထန် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေကိုပါ ဆောင်ယူလာမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ထဲမှာတော့ HURFOMရဲ့ ကွင်းဆင်း စစ်တမ်းအဖွဲ့ဟာ မြို့နယ် ၆ ခု၊ ရပ်ကွက် ၉၀ နဲ့ ကျေးရွာ ၁၄၀ ထဲက အခြေအနေတွေကို​ လေ့လာ စာရင်းပြုစုဖို့ လက်လှမ်းမီခဲ့ပါတယ်။ စစ်တပ်ကတော့ စစ်မှု မထမ်းမနေရ စနစ်နဲ့ ဆင့်ခေါ်ထားတဲ့ထဲမှာ ၆၀ ရာခိုင်နှုန်းလောက်ဟာ ကိုယ်တိုင် သဘောဆန္ဒနဲ့ လိုလိုလားလား စစ်မှုထမ်းခဲ့ကြတာလို့ ဝါဒဖြန့်ထားတယ်။ ဒါပေမဲ့လည်း HURFOMက ကောက်ယူတဲ့ စစ်တမ်းတွေ အရတော့ ဒီစကားဟာ လက်တွေ့နဲ့ အတော်ကြီး ကွာဟနေကြောင်း ထင်ဟပ် ပေါ်လွင်လာစေပါတယ်။ တကယ်တမ်းမှာ စစ်မှုထမ်းဖို့ ခေါ်ယူခံရတဲ့ လူငယ်တွေထဲမှာ စိတ်လိုလက်ရ ပူးပေါင်းသွားသူ ဦးရေဟာ ၅ ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ ဆိုပါတယ်။

ဒါတင် မကသေးပါဘူး။ စစ်တပ်ဟာ လူသစ်တွေကို စုဆောင်းခေါ်ယူရာမှာ လစာနဲ့ တခြားငွေကြေး ခံစားခွင့်တွေ ဖူဖူလုံလုံ ထောက်ပံ့မယ် ဆိုတာမျိုး မဟုတ်တမ်းတရား မက်လုံးတွေလည်း ပေးထားပါသေးတယ်။ တကယ်တမ်းကျတော့ စစ်တပ် အလိုကျ လူသစ်စုဆောင်းပေးနေတဲ့ အာဏာပိုင်တွေက အစောပိုင်းမှာ ပြောဆိုထားတဲ့ လစာနဲ့ တခြားခံစားခွင့် ကတိတွေထက် ပိုလျော့နည်းတဲ့ ပမာဏမျိုးသား ရရှိမယ်လို့ အသိပေးလာကြောင်း မော်လမြိုင် မြို့ခံ တဦးက ဖွင့်ဟခဲ့ပါတယ်။

လူငယ်လူရွယ်တွေ ပြည်တွင်းကနေ အုံနဲ့ကျင်းနဲ့ ထွက်ခွာကုန်တာ၊ တချို့လည်း တောခိုပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းသွားတာတွေက နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ အများကြီး ဖြစ်လာစေပါတယ်။ လူငယ် လုပ်အားရင်းမြစ် လျော့ပါးလာတဲ့ နေရာတွေမှာ ကလေးတွေက မိသားစု စာဝတ်နေရေးအတွက် ဝင်အလုပ်လုပ်ကြရပါတယ်။ နောက်ဆက်တွဲမှာတော့ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ် ကလေးလုပ်သားတွေ ခိုင်းစေမှုနဲ့ အလုပ်ခွင် အနိုင်ကျင့်မှုတွေ အကြောင်းကို HURFOMက စာရင်းကောက်ယူ ရရှိခဲ့တယ်။ ဒါ့အပြင် ကလေးလုပ်သားတွေရဲ့ လုပ်အားခကိုလည်း ကွဲပြားတဲ့ လုပ်ငန်းခွင် အသီးသီးမှာ ခေါင်းပုံဖြတ်တာတွေ ရှိနေပြန်တယ်။ ကလေးတွေဟာ လက်ဖက်ရည်ဆိုင်တွေ၊ ရာဘာ ပစ္စည်း စက်ရုံတွေနဲ့ တပိုင်တနိုင် စက်မှုလုပ်ငန်းတွေမှာ ဝင်ရောက် အလုပ်လုပ်ကြတာ များပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးတွေအပေါ် အမြတ်ထုတ်မှု အများဆုံးက လက်ဖက်ရည် ပိုင်ရှင်တွေလို့ HURFOMရဲ့ စာရင်းတွေက ညွှန်ပြနေတယ်။ ကလေးတွေဟာ မနက် အစောကြီး ၃ နာရီလောက် ကတည်းကနေ လုပ်ငန်းခွင် ဝင်ရပြီး ည ၁၁ နာရီလောက်မှ အိပ်စက်ခွင့် ရတာမျိုးထိ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပေမယ့် တနေ့လုပ်ခ ကျပ်ငွေ ၃၀၀၀၊ ၄၀၀၀ လောက်သာ ရရှိကြပါတယ်။

နောက်ပြဿနာ တခုက စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရမှာကို ကြောက်ပြီး မိဘတွေက ကလေးတွေကို ကျောင်းထုတ်၊ အိမ်နီးချင်း နိုင်ငံတွေက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သွားလုပ်ဖို့ စေလွှတ်ကြခြင်းပါပဲ။

“ဘယ်လူငယ် အမျိုးသား၊ အမျိုးသမီးတွေကမှ အခုလိုမျိုး မဖြစ်မနေ စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ ကိစ္စကို မထောက်ခံပါဘူး”လို့ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ထဲက လူငယ်တယောက်က HURFOMကို မတ်လတုန်းက ပြောခဲ့ဖူးပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP)ကနေ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ခွဲထွက်လာတဲ့ တော်လှန်ရေး အင်အားစုဖြစ်တဲ့ NMSP-ADကတော့  စစ်တပ်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်မပေးချင်တဲ့ လူငယ်တွေရဲ့ ဆန္ဒသဘောထားကို ထောက်ခံ အားပေးနေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ်ထဲက တော်လှန်ရေး အင်အားစုတွေကလည်း စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားပြီး စစ်တပ် အလိုကျ လူငယ်တွေကို လိုက်လံစုဆောင်း ခေါ်ယူပေးမယ့် ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို တင်းတင်းမာမာ သတိပေးထားပါတယ်။ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တခြားသော လက်နက်ကိုင် တော်လှန်ရေး အင်အားစု တချို့ကလည်း မွန်ပြည်နယ်ထဲက တော်လှန်ရေး အဖွဲ့တွေနဲ့ တူညီတဲ့ သဘောထားမျိုးတွေ ထုတ်ပြန်ထားကြပြီးသားပါ။

အဲဒီ သဘောထား ကြေညာချက်တွေကို ကြားသိအပြီးမှာတော့ ရေးမြို့နယ် မြောက်ပိုင်းက ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှု တချို့ဟာ အလျှိုအလျှို နုတ်ထွက်စာ တင်ကုန်ကြပါတယ်။ စစ်တပ်က ခိုင်းတဲ့အတိုင်း ဆက်လုပ်နေမယ်ဆိုရင် သူတို့ရဲ့ လုံခြုံရေးက စိုးရိမ်စရာ ဖြစ်လာတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် စစ်တပ်ကတော့ အတင်းအကျပ် တပ်သားသစ် စုဆောင်းစေတဲ့ အစီအစဉ်ကို ဆက်ပြီး တွန်းအားပေး လုပ်ဆောင်နေဆဲပါပဲ။

“ကျွန်တော်က ရေးမြို့နယ် မြောက်ပိုင်းက ရွာတရွာမှာ နေတာပါ။ ကျွန်တော်တို့ ရွာထဲမှာတော့ လူငယ်လူရွယ်ဆိုလို့ များများစားစား မကျန်တော့သလောက်ကို ဖြစ်သွားပြီ။ အကုန်လုံးလိုလိုက စစ်မှုထမ်းရမှာ ကြောက်တာကြောင့် တိုင်းရင်းသား တော်လှန်ရေးတပ် (ERO)တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ ထွက်ပြေးကုန်ပြီ။ တချို့ကလည်း ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်းဖက်ခြမ်းကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်သွားကြတယ်”လို့ ဒေသခံ တဦးက ပြောပြပါတယ်။

ဆန့်ကျင် ကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင် ရှိနေပေမယ့်လည်း စစ်တပ်ဟာ စစ်မှုမထမ်းမနေရ စနစ်ကို တနိုင်ငံလုံးအနှံ့မှာ အသက်သွင်းဖို့ ကြံဆောင်နေဆဲပါ။ ပထမအသုတ်မှာ လူငယ် ၅၀၀၀ လောက်ကို တပ်ထဲ ဆွဲသွင်းခံရပြီး စစ်သင်တန်း ၁၅ ခုဆီ ပို့ဆောင်စေခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိုက်ပွဲတွေမှာ ဆက်တိုက် ပြုန်းတီးနေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့အတွက် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ လူငယ်တွေရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ပညာသင်ခွင့်တွေကို ချစတေးနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းဟာ စစ်တပ်ရဲ့ အန္တရာယ် များလှတဲ့ စစ်မှုမထမ်းမနေရ စနစ် အသက်သွင်းနေမှုကို ဟန့်တားဖို့သာ မကဘဲ လူငယ်တွေကို သူတို့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအကျပ် လက်နက်ကိုင် တိုက်ပွဲဝင်စေမှုတွေကနေ အကာအကွယ်ပေးဖို့ သေသေချာချာ ကြားဝင် ကိုင်တွယ်ပေးသင့်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းနေမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ရှုထောင့်ကနေ တိုးမြှင့် စောင့်ကြည့်တာတွေ လိုအပ်နေသလို နိုင်ငံတကာ ဥပဒေပြု အမတ်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကလည်း ပုံမှန် အစီရင်ခံ တင်ပြတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ လူမှု အဖွဲ့အစည်းတွေကလည်း အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ ဖြစ်ရပ်တွေကနေ လူထုကို အကာအကွယ်ပေးဖို့ ရည်မှန်းချက်ထား ဆောင်ရွက်မှုတွေ အစပြုသင့်ပါတယ်။

နောက်ပြီး နိုင်ငံတကာ အစုအဖွဲ့တွေ အနေနဲ့ မြန်မာတင် မကဘဲ နိုင်ငံတကာမှာပါ အတင်းအကျပ် စစ်မှုထမ်းစေမှုနဲ့ မမျှမတ စစ်သင်တန်း ပို့ချမှုတွေကို ရှုတ်ချသင့်ကြောင်း လူထု အသိပေးမှုတွေ အကောင်အထည်ဖော်ဖို့ ငွေအားနဲ့ တခြားရင်းမြစ်တွေ ထောက်ပံ့ပေးသင့်ပါတယ်။

NUG၊ EROတွေနဲ့ တခြား ပြည်တွင်း အင်အားစုတွေကို ချိတ်ဆက်ပြီးတော့လည်း အဓမ္မ စစ်မှုထမ်းခိုင်းတဲ့ ဖြစ်ရပ်တွေကို ဆန့်ကျင်ဖို့ အရေးပေါ် တုံ့ပြန်မှုတွေကို ဆွေးနွေး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အဲဒီ ကဏ္ဍအတွက် နိုင်ငံတကာ ထောက်ခံမှုတွေ၊ အရင်းအမြစ် ပံ့ပိုးမှုတွေ အဆက်မပြတ်အောင် စီမံပေးပြီး မြေပြင်မှာ ထိရောက်တဲ့ စွမ်းဆောင်မှုမျိုးတွေကို ထိန်းသိမ်းပေးထားဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအချက်ကတော့ စစ်ပွဲတွေနဲ့ စစ်မှုထမ်း ဆင့်ခေါ်မှု ဥပဒေတွေရဲ့ ဒဏ်တွေကို အဆိုးဆုံး သက်ရောက် ခံစားနေရတဲ့ ဒေသတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ အမြန်ဆုံး ပို့ဆောင်ပေးဖို့ပါ။ အဲဒီလို အကူအညီတွေ မရဘူးဆိုရင် လူငယ်တွေဟာ ဆိုးရွားတဲ့ မတည်ငြိမ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ် နာကျင်စရာတွေနဲ့ အသက်အန္တရာယ် ထိပါးခြိမ်းခြောက် ခံရနိုင်တဲ့ အခြေအနေတွေကိုပါ ဆက်တိုက် ရင်ဆိုင် ကြုံတွေ့နေကြရမှာ ဖြစ်ပါတယ်။

(The Diplomat၏ Military Conscription in Southeastern Myanmar Demands International Intervention ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)