တောင်အာဖရိကမှာ ဆောက်လက်စ ငါးထပ်တိုက်ပြိုကျပြီး အပျက်အစီးတွေအောက် ဒါဇင်နဲ့ချီ ပိတ်မိနေ

မေ၊ ၇

တောင်အာဖရိက နိုင်ငံမှာ ဆောက်လုပ်ဆဲ ၅ ထပ်တိုက်တလုံး ရုတ်တရက် ပြိုကျပြီး လူတွေဒါဇင်နဲ့ချီ အပျက်အစီးတွေအောက် ပိတ်မိနေပါတယ်။

 မေလ ၆ ရက် ညပိုင်းက အနောက်ပိုင်း ကိပ်ပြည်နယ်ထဲက ဂျော့ဂျ်မြို့မှာ လူနေတိုက်တလုံး ပြိုကျတဲ့ သတင်းကြောင့် ကယ်ဆယ်ရေးတွေ အရေးတကြီး သွားရောက်ခဲ့ပြီး လူ ၂၀ ဦးထက်မနည်းကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီထဲက ၂ ယောက်ဟာ ဆေးရုံမှာ သေဆုံးခဲ့ပြီး နောက်ထပ် ပိတ်မိနေသူ အရေအတွက်ကလည်း ၅၃ ဦးထက်မနည်း ရှိမယ်လို့ ဆိုပါတယ်။

အဆောက်အအုံ ပြိုကျတဲ့ နေရာမှာ အဖွဲ့ဝင် ၇၅ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးတွေ ရောက်ရှိနေပြီး အပျက်အစီးတွေကို ရှင်းလင်း ဖယ်ရှားနေပေမယ့် ပိုမိုကြီးမားတဲ့ စက်ယန္တရားတွေ လိုအပ်မယ့် အခြေအနေ ရှိနေပါတယ်။ နောက်ပြီး ပိတ်မိနေသူတွေရဲ့ အသက်အန္တရာယ်ကို စိတ်ပူရတာကြောင့် အပျက်အစီးတွေကို ရှင်းလင်းနိုင်ရေးဟာ အချိန်လု အကောင်အထည် ဖော်ရမယ့် စိန်ခေါ်မှုလည်း ဖြစ်နေပါတယ်။

ကမ်းရိုးတန်း မြို့တခုဖြစ်တဲ့ ဂျော့ဂျ်မှာ အခုလိုမျိုး အခိုင်အမာ တည်ဆောက်နေတဲ့ အဆောက်အအုံကြီးတခု ရုတ်တရက် ပြိုကျသွားရတဲ့ အကြောင်းရင်းကိုလည်း လောလောဆယ် စုံစမ်းနေဆဲပါ။ စာရင်းတွေအရ အခင်းဖြစ်ချိန်က တိုက်ပေါ်မှာ ဆောက်လုပ်ရေးဝန်ထမ်း အနည်းဆုံး ၇၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပြီး ရိုက်ကူးထားတဲ့ မှတ်တမ်း ဓာတ်ပုံတွေအရ တိုက်တခုလုံးဟာ မြေပြင်ပေါ် ပြားပြားဝပ် ပြိုလဲနေတာကို တွေ့ရပါတယ်။ 

ရဲတပ်ဖွဲ့ကတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်နဲ့ ကန်ထရိုက်တွေကို ခေါ်ယူမေးမြန်းဖို့ ရှာဖွေနေတယ်လို့ သိရှိရပါတယ်။

Ref: Reuters