မေ ၊ ၄
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နှစ်လလောက်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းက ဆန္ဒပြသူတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကို ရရာလက်နက်တွေ ဆွဲကိုင် တုံ့ပြန်ရင်း ခုခံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေက ဖိနှိပ်ဖြိုခွင်းမှုတွေကို မခံနိုင်လို့ ပထမဆုံးအကြိမ် တုံ့ပြန်တဲ့ လက်နက်ကိုင် တော်လှန်ရေး ဖြစ်စဉ်အနေနဲ့ မှတ်တမ်းရေးထိုးလိုက်ပါတယ်။
သုံးနှစ်လောက် ကြာမြင့်လာခဲ့တဲ့နောက် မျက်မှောက် ကာလမှာတော့ မြန်မာ့ပြည်တွင်းရေး အခြေအနေတွေက တော်တော်ကြီး ထင်သာမြင်သာ ပြောင်းလဲသွားခဲ့ပါပြီ။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့မှာ အင်တိုက်အားတိုက် တုံ့ပြန်နေတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ရင်ဆိုင်တွေ့နေပါတယ်။ သမိုင်းကြောင်းမှာ မြန်မာနိုင်ငံကို ဆယ်စုနှစ်တွေနဲ့ချီ အုပ်ချုပ်မင်းမူခဲ့ဖူးတဲ့ စစ်တပ်အတွက်တော့ ပြည်သူလူထုက အခုလောက် ပြင်းပြင်းပြပြ လက်နက်ကိုင် တွန်းလှန် တုံ့ပြန်ကြတာမျိုးဟာ မကြုံစဖူး အခြေအနေ ဖြစ်လာပါတယ်။
နောက်ဆက်တွဲအဖြစ် စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေနဲ့ အရေးပါတဲ့ စစ်စခန်းတွေကိုပါ ဆက်တိုက် ဆုံးရှုံးနေရပြန်တယ်။ တချိန်တည်းမှာပဲ လက်နက်အင်အား တောင့်တင်းပြီး ဖွဲ့စည်းပုံ အားကောင်းနှင့်နေပြီးသား တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO)တွေကလည်း ပြည်သူတရပ်လုံးရဲ့ တခဲနက် အားပေး ထောက်ခံမှုကို ရရှိလာတဲ့အတွက် စစ်တပ်ကို ပိုပြီး အထိနာအောင် ထိုးစစ်ဆင်လာခဲ့တယ်။ အခုတော့ စစ်တပ်ဟာ နောက်ပြန်လှည့်လို့ မရတဲ့ အဆင့်ထိ ခြေလှမ်းကျွံနေပြီ ဆိုတာ ပိုပြီးတော့ မြင်သာလာနေပါတယ်။
လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ နေရာနှင့် ဖြစ်စဉ် အချက်အလက်များ စီမံကိန်း (ACLED)ဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေပြီး လက်ရှိ လေ့လာနေသမျှ ပဋိပက္ခ ၅၀ လောက်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက အတင်းမာဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီ အနေအထားမှာတောင် မြန်မာ့ ပြည်တွင်းရေးဟာ နိုင်ငံတကာ အာရုံစိုက် ခံရမှုကို အရမ်း နည်းနည်းလေးပဲ ရရှိနေပါတယ်။
ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် အခုတပွဲမှာလည်း စစ်တပ်ပဲ နောက်ဆုံး အနိုင်ရသွားဦးမယ်ဆိုတဲ့ အတွေးအခေါ်တွေက နိုင်ငံတကာ မူဝါဒရေးရာ ချမှတ်သူတွေနဲ့ စောင့်ကြည့်လေ့လာသူတွေ အတွေးထဲ ကိန်းအောင်း နေရာယူထားလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ အဲဒီပုဂ္ဂိုလ်တွေဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် စစ်တပ်နဲ့ မဖြစ်မနေ ညှိရမယ်ဆိုတဲ့ အတွေးထဲက ဖောက်မထွက်နိုင်တော့ပါဘူး။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ သုံးနှစ်တာအတွင်း ဖြစ်ပျက် ပြောင်းလဲမှုတွေဆီ လည်ပြန်ကြည့်ရင် ဒီပုံသေနည်းက အလုပ်မဖြစ်တော့ဘူးဆိုတာ ရှင်းရှင်းကြီး မြင်နိုင်ပါလိမ့်မယ်။
အခုဆောင်းပါးမှာတော့ နိုင်ငံတကာ မူဝါဒ ချမှတ်သူတွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ အရှိတရား ၉ ခုကို သတိမူမိစေဖို့ ကောက်နုတ် ဖော်ပြထားပါတယ်။
၁။ လက်ရှိ တော်လှန်ရေးမှာ စစ်တပ်ကို တွန်းလှန်နေတဲ့ လှုပ်ရှားမှုဟာ နိုင်ငံတကာက မျှော်လင့်ထားတာထက် ရလဒ်ကောင်းနေပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်လှုပ်ရှားနေသူတွေ အတွက်တော့ ဒီအခြေအနေက ကြိုတင် တွက်ဆပြီးသား ဖြစ်သလို အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ပြည်တွင်းမှာ လက်နက်ကိုင် တော်လှန်ရေး စတင်လာတဲ့အခါ နိုင်ငံတကာ လေ့လာသူတွေက အချိန်တန်ရင် စစ်တပ်ကပဲ ဖြိုခွင်းတာကို ခံလိုက်ရပြီး တော်လှန်ရေးဟာ ခပ်မြန်မြန် နိဂုံးချုပ်သွားမှာပဲလို့ တွေးခဲ့ကြတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဒီတကြိမ်မှာတော့ ခံယူချက်နဲ့ ပတ်သက်ရင် ဘယ်လောက် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသလဲ ဆိုတာကို သက်သေပြခဲ့တယ်။ အရက်စက်ဆုံး၊ အကြမ်းကြုတ်ဆုံး နည်းတွေကို သုံးပြီး စစ်တပ်က ပြည်သူတွေ နေရပ်စွန့်ခွာရအောင်၊ ဒုက္ခပေါင်းစုံ ကြုံရအောင် အမျိုးမျိုး ကြံစည်ခဲ့ပေမယ့် လူထုရဲ့ တော်လှန်ရေး စိတ်ဓာတ်ကို မဟန့်တားနိုင်တော့ပါဘူး။ တချိန်တည်းမှာပဲ EAO တွေကလည်း ပိုပြီး အားကောင်းလာတယ်။ တော်လှန်ရေးရဲ့ အလားအလာကို နိုင်ငံတကာ အသိုက်အဝန်းက သံသယတချို့ ရှိခဲ့ဖူးပေမယ့် ကိုယ်တိုင်ကိုယ်ကျ အားထုတ် လှုပ်ရှားနေသူတွေကတော့ လူထုရဲ့ စိတ်ထက်သန်မှု၊ စစ်တပ်အပေါ် အမုန်းကြီးမုန်းမှုတွေကြောင့် အခုတကြိမ် တော်လှန်ရေးက ရေရှည် တည်တံ့မယ် ဆိုတာကို ကောင်းကောင်း သိထားကြပြီး ဖြစ်နေပါတယ်။ ပြည်သူတွေဆီက တညီတည်း ထွက်လာတဲ့ အခုလို အသံမျိုးကို နိုင်ငံတကာက ပိုအာရုံစိုက်ပေးသင့်ပါတယ်။
၂။ တော်လှန်ရေးရဲ့ စဉ်ဆက်မပြတ် ပြောင်းလဲနေမှု အရှိန်အဟုန်ဟာ မြန်မာ့ပြည်တွင်းရေး အခြေအနေတွေကို ပုံဖော်တဲ့ နေရာမှာ အပေါ်ယံ ရှုမြင်နေတာတွေထက် အများကြီး သက်ရောက်မှု ပိုကြီးပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ စတင်လာချိန်က စတင်တွက်ချက်ရင် မြို့ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၃၃ ခုမှာ တိုက်ပွဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးပါပြီ။ အဲဒီထဲက မြို့ ၄၅ ခုထက် မနည်းကို တော်လှန်ရေး အဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပါပြီ။ ပြည်တွင်းစစ်နဲ့ ပတ်သက်ရင် ရှည်ကြာလှတဲ့ သမိုင်းကြောင်းတလျှောက် စစ်တပ်ကို အံတုစိန်ခေါ်တဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေက အခုလောက် အောင်မြင်မှုမျိုးတွေ ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။
အခုတလောမှာ စစ်တပ်က ပိုပြီး အထိနာလာတယ် ဆိုတာလည်း အကြောင်းတိုက်ဆိုင်လို့ ရုတ်တရက် ထပြီး ဖြစ်လာတဲ့ အလှည့်အပြောင်း မဟုတ်ပါဘူး။ နိုင်ငံတကာကပါ စောင့်ကြည့်ရတဲ့ ‘အော်ပရေးရှင်း ၁၀၂၇’လိုမျိုး အံ့ဩစရာ စစ်ရေး အခင်းအကျင်းသစ်တွေဟာ တော်လှန်ရေး ကာလတလျှောက် စည်ဆက်မပြတ် ပြောင်းလဲလာမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ မနှစ်က အောက်တိုဘာလမှာ EAO သုံးခုပူးပေါင်းပြီး အာဏာသိမ်း မြန်မာစစ်တပ်ကို အကြီးအကျယ် လှုပ်ခါသွားစေတဲ့ စစ်ဆင်ရေးကြီးကို အကောင်အထည် ဖော်နိုင်ခဲ့တာဟာ တော်လှန်ရေးတလျှောက် EAOတွေနဲ့ တော်လှန်ရေး အင်အားစုတွေကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာခြင်းရဲ့ အသီးအပွင့် တခုဖြစ်ပါတယ်။
မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့ အခါတိုင်း သမိုင်းကြောင်းရဲ့ သက်ရောက်မှုကို ထည့်တွေးတတ်ကြပါတယ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဆိုပေမယ့် လိုအပ်တာထက် အများကြီး ပုံကြီးချဲ့နေရင်တော့ မလိုလားအပ်တဲ့ နှိုင်းယှဉ်မှုမျိုးတွေဆီ လမ်းကြောင်းလွဲသွားနိုင်ပါတယ်။ အတိတ်တုန်းကတော့ မြန်မာစစ်တပ်ဟာ တပြိုင်တည်း စစ်မျက်နှာတွေ တခုထက်မက ဖွင့်ပြီး အောင်ပွဲဆင်ခဲ့ဖူးတာ အမှန်ပါ။ ဒါပေမဲ့ အခုတကြိမ် အဲဒီလို ထပ်လုပ်ပြနိုင်ဦးမယ်လို့ တွေးရင်တော့ လက်တွေ့ မကျတော့ပါဘူး။ သမိုင်းက ဖြစ်ရပ်တွေက လွှမ်းမိုးမှု ရှိပေမယ့် အနာဂတ်ကို ကျိန်းသေပေါက် ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ အဲဒီလိုမျိုး အတွေးအခေါ်တွေကို မစွန့်လွှတ်နိုင်သေးလို့လည်း နိုင်ငံတကာ မူဝါဒရေးရာ ချမျတ်သူတွေ အမြင်မှာ စစ်တပ်ဟာ လက်တွေ့ထက် ပိုပြီး တောင့်တင်းတဲ့၊ မာဂုဏ်ပြည့်ဝတဲ့ အဖွဲ့အစည်းအဖြစ် ထင်ယောင်ထင်မှား ဖြစ်နေတာပါ။
၃။ တကယ်တော့ တော်လှန်ရေး မတိုင်ခင် မြန်မာစစ်တပ်ရဲ့ အင်အားကို ခန့်မှန်း တွက်ဆထားကြတာတွေက လက်တွေ့ထက် လွန်ကဲပိုလျှံနေပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း စစ်တပ်ဟာ ထိခိုက်သေကြေမှု၊ တော်လှန်ရေးဖက်ကို ကူးပြောင်းပြီး အလင်းဝင်မှု၊ လက်နက်ချ အညံ့ခံမှုတွေကြောင့် ပြုန်းတီးအင်အား အရမ်းများလာတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒါကြောင့်လည်း အခုဆိုရင် တိုက်ခိုက်ရေးရော၊ လက်ရုံးတပ်တွေပါ စုစုပေါင်း အင်အားဟာ ၁၃၀၀၀၀ ဝန်းကျင်လောက်သာ ကျန်တော့တဲ့ထိ လျော့ကျလာပြီ ဖြစ်ပါတယ်။ နောက်ပြီး ပြည်သူ့စစ်လို အရန်အင်အားတွေနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ စုစုပေါင်း အင်အားက ၇၀၀၀၀ လောက် ရှိနိုင်တယ်။
အဲဒီ ကိန်းဂဏန်းတွေကို အရင်တုန်းက ခန့်မှန်းထားတဲ့ မြန်မာစစ်တပ်ရဲ့ အင်အား ၃၀၀၀၀၀ လောက် ရှိတယ်ဆိုတဲ့ အယူအဆဟာ လက်တွေ့နဲ့ ကွာဟချက် ကြီးကြီးမားမား ရှိနေတာကို မြင်သာလာစေပါတယ်။ စစ်မှုမထမ်းမနေရ စနစ်ကို အသက်သွင်းလိုက်တာမျိုးက စစ်ကောင်စီဟာ တပ်အင်အား ပြုန်းတီးမှုတွေကို ရရာနည်းလမ်းနဲ့ ပြန်ဖြည့်တင်းဖို့ ကြိုးစားနေမှန်း ပေါ်လွင်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်အားပြုန်းတီးမှုတွေက စစ်တပ်အတွက် ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ချုပ်ကိုင်ထားဖို့ ခက်ခဲလာစေပါတယ်။
ဆုံးရှုံးလိုက်ရပြီးဖြစ်တဲ့ နယ်မြေတွေကို ပြန်ရဖို့ ဆိုတာက လက်တွေ့နဲ့ အင်မတန် ဝေးကွာသွားပါပြီ။ တော်လှန်ရေးဖက်က အင်အားစုတွေကို ပိုင်းခြား လေ့လာကြည့်မယ်ဆိုရင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကျမှ ပေါ်ပေါက်လာတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ ဒေသဆိုင်ရာ ကာကွယ်ရေး တပ်မတော်များ (LDF)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ (PDT)တို့ရဲ့ အင်အား စုစုပေါင်းက ၈၅၀၀၀ လောက်ထိ ရှိမယ်လို့ ယုံကြည်ရပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီ စစ်တပ်ကို အပွဲပွဲနွှဲပြီး တိုက်ခိုက်နေခဲ့တဲ့ EAOတွေရဲ့ စုစုပေါင်း အင်အားက ၁၂၀၀၀၀ လောက်ထိ ရှိနိုင်ပါတယ်။ စစ်တပ်ဟာ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး အင်အားမှာ တဖက်သတ် အသာစီး ရနေဆဲဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ လတ်တလော စစ်မြေပြင် အခြေအနေတွေကို ကြည့်ရင် တော်လှန်ရေး အင်အားစုတွေက စိတ်ဓာတ်ပိုင်း အပြတ်အသတ် သာနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ လက်နက် တပ်ဆင်မှုတွေက တဖြည်းဖြည်း ပိုအားကောင်းလာနေပြီး ပြည်သူတရပ်လုံးရဲ့ ကျောထောက်နောက်ခံ အားပေးမှုကိုပါ ရနေတဲ့အတွက် တော်လှန်ရေး အင်အားစုတွေက မျှော်လင့်ထားတာထက်ပိုတဲ့ အောင်မြင်မှုကြီးတွေ ရယူပြတာမျိုးကိုလည်း တွေ့မြင်လာရနိုင်ပါတယ်။
၄။ တိုင်းရင်းသား ဒေသတွေမှာ လက်လွှတ်ခံလိုက်ရတဲ့ နယ်မြေတွေကို ပြန်သိမ်းယူဖို့အတွက် စစ်တပ်မှာ အစွမ်းအစ မရှိတော့ပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ နိုင်ငံရေး သွင်ပြင်တွေမှာ EAOတွေရဲ့ အခန်းကဏ္ဍဟာ အရမ်း အရေးပါလာပါတယ်။ EAO အများအပြားက သူတို့အခြေစိုက်ရာ ပြည်နယ်တွေထဲက စစ်တပ် အခြေစိုက် စခန်းတွေကို သိမ်းယူပြီး စစ်တပ် ကင်းစင်နယ်မြေ အဆင့်ထိ ရောက်လာအောင် တိုက်ထုတ်ဖို့ အားထုတ်လာတာ တွေ့ရပါတယ်။ စစ်ရေးအရ အသာစီး ရလာတာနဲ့အမျှ နိုင်ငံရေးမှာလည်း EAOတွေရဲ့ ရပ်တည်မှုက ပိုအားကောင်းလာတယ်။ စစ်တပ်ကတော့ အာဏာသိမ်းမိတဲ့ နောက်ဆက်တွဲအဖြစ် တိုင်းရင်းသား ဒေသတွေထဲက ထိန်းချုပ်နယ်မြေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးသွားပါတယ်။
ဒါ့အပြင် အဲဒီ အဆုံးအရှုံးရဲ့ အများစုဟာ နောက်ဆုံး ၆ လတာ ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတာတွေပါ။ နိုင်ငံအနှံ့က စစ်မြေပြင်တွေမှာ တိုက်ပွဲဝင်နေရပြီး တပ်အင်အားလည်း ဆက်တိုက် ပြုန်းတီးနေတဲ့ စစ်တပ်ဟာ လက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသား နယ်မြေတွေနဲ့ စစ်စခန်းတွေကို အရပြန်ယူဖို့ သိပ်ကို ခက်ခဲသွားပါပြီ။ မြင်သာတဲ့ ဥပမာ တခုအဖြစ် ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် အချက်အခြာကျတဲ့ မြဝတီမြို့ကို ဆက်ထိန်းထားဖို့ နယ်ခြားစောင့်တပ် (BGF)အကူအညီကို ယူရတဲ့အပြင် အရင်းအမြစ်တွေ အများကြီး ထုတ်သုံးပြီး စစ်တပ်က ရုန်းကန်နေရတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား နယ်မြေထဲမှာ တည်ရှိပြီး တိုင်းရင်းသားတပ်တွေ အချိန်ပြည့် ဝိုင်းထားတဲ့ မြို့တွေကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာက ခက်ခဲလွန်းတဲ့ စိန်ခေါ်မှုမျိုးပါ။
ဒီတော့ စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် လက်လွှတ်နေရတဲ့ တိုင်းရင်းသား ဒေသတွေထက် မြန်မာနိုင်ငံ အလယ်ပိုင်းက ဗမာအများစု နေထိုင်ရာ ပြည်ပဒေသတွေမှာ အုပ်ချုပ်မှုအာဏာ မြဲနိုင်ဖို့ ပိုကြိုးစားလာနိုင်ပါတယ်။ စစ်ရည်ဝနေတဲ့ EAOတွေနဲ့ ယှဉ်လိုက်ရင်တော့ ဝါနုတဲ့ PDFတွေဟာ စစ်တပ်အတွက် ပိုပြီး အားနည်းတဲ့ ပြိုင်ဘက် ဖြစ်နေသေးတာကြောင့်ပါ။ ကနီနဲ့ ကောလင်း မြို့တွေကို လက်လွှတ်လိုက်ရပေမယ့် စစ်တပ်က တန်ပြန်ထိုးစစ်တွေ ဆင်နွှဲပြီး ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းက လက်တွေ့ အရှိတရားကို ထိထိရောက်ရောက် ဆန်းစစ်ခဲ့တဲ့ ကိစ္စတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ကျိန်စာ စူးနေတဲ့ စစ်တပ်ဟာ လတ်တလော မြဲမြဲမြံမြံ ချုပ်ကိုင်ထားတဲ့ ပြည်မ ဒေသတွေမှာတောင် ရေရှည်ကျရင် အခက်ကြုံလာမယ့် အလားအလာတွေ တွေ့နေရပါတယ်။
၅။ နယ်မြေတွေကို ထိန်းချုပ်နိုင်မှုသာ မကဘဲ ပြည်သူကို စည်းရုံးသိမ်းသွင်းနိုင်စွမ်းကလည်း မြန်မာစစ်တပ်မှာ ချုံးချုံးကျနေပါပြီ။ စစ်တပ် မျိုးမသုဉ်းမချင်း အနာဂတ်တွေ မအေးချမ်းနိုင်ဘူးလို့ စူးစူးနစ်နစ် ခံယူထားတဲ့ ပြည်သူတွေရဲ့ အမုန်းကို စစ်တပ်က ကြုံတွေ့နေရပါတယ်။ အုပ်ချုပ်ရေးစွမ်းရည် ဆက်တိုက် ကျဆင်းလာခြင်းနဲ့အတူ နိုင်ငံအနှံ့ ဖြန့်ကျက်ထားတဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေက တစချင်းစီ ပြုတ်ထွက်နေပါတယ်။ အရွယ်အစား အမျိုးမျိုးနဲ့ စစ်စခန်းတွေ၊ စစ်ရေးဗဟို ဌာနတွေ၊ စစ်ဆင်ကွပ်ကဲမှု ဌာနတွေကို စစ်တပ်က နိုင်ငံအနှံ့မှာ အရေအတွက် ၅၂၈၀ လောက်ထိ ဖြန့်ကျက်ထားပြီး အဲဒီထဲက ၂၅၀၀ လောက်ကို အခုအခါ လက်လွှတ်ခဲ့ရပြီးပါပြီ။
အဲဒီလို လက်လွှတ်လိုက်ရတဲ့ စခန်းတော်တော်များများဟာ အခုအခါ တော်လှန်ရေး အဖွဲ့တွေရဲ့ လက်ထဲကို ကျရောက်နေပါပြီ။ အတော်လေး နည်းပါးတဲ့ အခြေအနေတွေမှာတော့ စစ်အာဏာရှင် လက်အောက်ခံ တပ်တွေဟာ စနစ်တကျနဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း စခန်းစွန့်ခွာသွားရတဲ့ အခြေအနေ အများစုမှာ လက်နက်တွေကိုတောင် မသိမ်းဆည်းနိုင်ဘဲ ကတိုက်ကရိုက် ဆုတ်ခွာသွားကြတဲ့ ဖြစ်စဉ်တွေက ပိုများပါတယ်။ အဲဒီ အနေအထားကတော့ မဟာဗျူဟာမြောက် သေသေသပ်သပ် ဆုတ်ခွာတယ်လို့ သတ်မှတ်လို့ မရတော့ပါဘူး။ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ အထွေထွေ အုပ်ချုပ်ရေး ဌာနပေါင်း ၃၃၀ ရယ်၊ BGFတွေရယ်ကို အသုံးချပြီး အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေပါတယ်။ အခုတော့ စစ်တပ်ဟာ အထွေထွေ အုပ်ချုပ်ရေးဌာန အများအပြားကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားပြီးပါပြီ။ တချို့က တော်လှန်ရေးဘက်ကို ကူးပြောင်း သစ္စာခံသွားကြပါတယ်။ BGFတွေကို အားကိုးဖို့ကလည်း သိပ်ပြီး စိတ်အားတက်ကြွချင်စရာ မရှိတော့ပါဘူး။
BGF တပ်ဖွဲ့တခုက တော်လှန်ရေးနဲ့ ပူးပေါင်းသွားပြီး တခုက ပျက်စီးသွားပါပြီ။ စစ်တပ်လက်အောက်ကနေ ရုန်းထွက်သွားတဲ့၊ အဆက်ဖြတ်သွားတဲ့ BGFတွေလည်း ရှိနေပါသေးတယ်။ တကယ်တော့ စစ်တပ်ဟာ အထွေထွေ အုပ်ချုပ်ရေး ဌာနတွေနဲ့ BGFတွေကို ထိထိရောက်ရောက်ကြီး အသုံးချရင်း စစ်အုပ်ချုပ်ရေး ယန္တရားကို ဆယ်စုနှစ်တွေနဲ့ချီ အသက်ဆက်စေခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းလိုက်တိုင်း စစ်တပ်ဟာ အုပ်ချုပ်မှု ယန္တရားကို ခပ်မြန်မြန် ထိန်းချုပ်ဖို့အတွက် အဲဒီစနစ်ဆိုးက ခူးပြီးခပ်ပြီး အသင့်အနေအထား ရှိနေစေခဲ့ပါတယ်။ အဲဒီလို အရိုးစွဲနေတဲ့ စနစ်တွေ ပျက်စီးသွားပြီ ဆိုရင်တော့ စစ်တပ် အုပ်ချုပ်မှုအလွန် ကာလမှာ အရပ်သား အစိုးရတရပ် အာဏာပြန်ရလာရင် နောက်ထပ် စစ်အာဏာသိမ်းနိုင်ဖို့ အခွင့်အလမ်း အရမ်းနည်းသွားပြီလို့ သတ်မှတ်နိုင်ပါတယ်။
၆။ တည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီး အလုပ်နိုင်ဆုံး အကြောင်းရင်းတွေကို တန်းစီကြည့်ရင် မြန်မာစစ်တပ်ဟာ ထိပ်ဆုံးတန်းက ပါဝင်နေပါတယ်။ အာဏာမသိမ်းခင် ကတည်းက စစ်တပ်ဟာ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုတွေအပေါ် အမျိုးမျိုး အဖုံဖုံ ဖိနှိပ်ခဲ့သလို ရိုဟင်ဂျာတွေကိုလည်း လူမျိုးသုဉ်း သတ်ဖြတ်တာထိ ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်။ အကျိုးဆက်ကတော့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ စစ်တပ်ရဲ့ စက်ကွင်းကလွတ်အောင် ထွက်ပြေးကြပြီး အိမ်နီးချင်း နိုင်ငံတွေအပေါ် ဝန်ပိစေခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်မှာလည်း ပြည်သူတွေကို ရန်လိုတိုက်ခိုက်မှုတွေ ကျူးလွန်ပြန်တာကြောင့် နောက်ထပ် စစ်ရှောင်ဦးရေ သန်းနဲ့ချီ တိုးလာပြန်တယ်။
မကြာသေးခင်ကတင် မြဝတီမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဖက်မှာ ယာယီ သွားရောက် ခိုလှုံခဲ့ကြရပါတယ်။ ပြီးတော့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကလည်း လူငယ်တွေကို ပြည်ပထွက်ပြေးဖို့၊ လွတ်မြောက်နယ်မြေတွေဆီ သွားရောက် တိမ်းရှောင်ဖို့ ဖိအားတွေ တိုးလာစေတယ်။ နောက်ပြီး နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကိုလည်း မီးစာဖြည့်တင်းပေးသလို ဖြစ်လာတယ်။
တနိုင်ငံလုံးကို စစ်ရေးပဋိပက္ခတွေထဲ နစ်မွန်းသွားအောင် ဆွဲချပစ်လိုက်တာ၊ စီးပွားရေး မူဝါဒ စီမံခန့်ခွဲမှုတွေ ဆိုးဆိုးရွားရွား လွဲမှားတာ၊ လူထုကို ရန်သူလို သဘောထားပြီး တိုက်ခိုက်နေတာတွေ စစ်တပ်ရဲ့ အတွဲလိုက် တွေ့နေရတဲ့ အဖျက်လုပ်ရပ်တွေပါပဲ။ မြန်မာစစ်တပ်ဟာ ဘာကောင်းကျိုးမှ မပေးတဲ့ အဖျက်အင်အားစု သက်သက်မှန်း ဒေသတွင်းမှာ အားလုံးလိုလို သိထားပြီးသားပါ။ အခုအချိန်မှာတော့ ဆယ်စုနှစ်တွေ အတော်များများအတွင်း အဲဒီ အဖျက်အင်အားစုကို မြေလှန်ပစ်ပြီး ပိုမိုတည်ငြိမ် စနစ်ကျတဲ့ အုပ်ချုပ်ရေး စနစ်မျိုး ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေကို ပထမဆုံးအကြိမ် တွေ့မြင်လာရပြီလို့ ဆိုရပါမယ်။
၇။ တော်လှန်ရေး အင်အားစုတွေကြားမှာ ဘယ်လောက်ထိ ထိထိရောက်ရောက် ပူးပေါင်း လုပ်ဆောင်နိုင်သလဲ ဆိုတာက လက်ရှိ မြန်မာ့ အကျပ်အတည်းကို အဖြေရှာရာမှာ အရေးပါလာပါလိမ့်မယ်။ သုံးနှစ်ကျော် ကြာလာပြီ ဖြစ်ပေမယ့်လည်း တော်လှန်ရေး အစုအဖွဲ့တွေက တူညီတဲ့ ဘုံရန်သူကို တွန်းလှန်ရာမှာ မဟာဗျူဟာမြောက် ပူးပေါင်းတဲ့ စစ်ဆင်ရေးတွေအတွက် ရုန်းကန်နေရတုန်းပါပဲ။ လက်နက်ကိုင် တော်လှန်မှု လမ်းစဉ်ကို ရွေးချယ်လိုက်ချိန် ကတည်းက NUGဟာ EAO တချို့၊ တခြားသော အင်အားစုတွေနဲ့ ပူးပေါင်းရင်း စစ်ရေးဗဟို ကွပ်ကဲမှု အစုအဖွဲ့တွေကို ထူထောင်ဖို့ အားထုတ်ခဲ့တယ်။
ဒါကြောင့် စစ်ဆင်တိုက်ခိုက်မှု နည်းစနစ်တွေမှာ မြင်သာတဲ့ တိုးတက်မှုတွေ ရှိလာပေမယ့် ကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးအဆင့်မှာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းက လိုအပ်ချက် အရမ်းများနေတုန်းပါ။ အဲဒီအဆင့်မျိုး ရောက်ဖို့ကလည်း အချိန်လိုနိုင်ပါတယ်။ အရေးကြီးတာက အဲဒီလို ထိရောက်တဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကပဲ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဆုံးသတ် ရလဒ်တွေကို အဖြေထုတ်ပေးနိုင်ဖို့ အဓိက ကျလာနိုင်ပါတယ်။
၈။ စစ်တပ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိတဲ့ နေရာကနေ ဆွဲမချမချင်း မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းမှုမျိုးကို မမျှော်လင့်နိုင်ပါဘူး။ အခုနှစ်မှာ စစ်ပွဲတွေက ပိုပြီးတော့တောင် ပြင်းထန်လာနိုင်ပါတယ်။ စစ်တပ်ရဲ့ အင်အားနဲ့ စွမ်းဆောင်ရည်ကို လိုတာထက် ပိုအထင်ကြီးပြီး နိုင်ငံရေးမှာ စစ်တပ်ကို နေရာပေးသင့်တယ်လို့ ဟောင်ဖွာဟောင်ဖွာ ရှေ့နေလိုက်တဲ့ နိုင်ငံတာ ကြားခံအင်အားစုတွေ ရှေ့ထွက်လာရင် အခြေအနေတွေက ပိုပြီး လမ်းချော်လာနိုင်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ သဘောထားကတော့ ရှင်းပါတယ်။ စစ်တပ်နဲ့ အဆုံးစွန်ထိ ရေစက်ဖြတ်ချင်နေပြီး နိုင်ငံရေးမှာ စစ်တပ်က နောက်ထပ် ဘယ်တော့မှ ဝင်မရှုပ်တော့ပါဘူးဆိုတဲ့ အဆင့်ထိ မလျှော့စတမ်း ရှေ့ဆက်သွားပါလိမ့်မယ်။ EAOတွေဖက်က ကြည့်ရင်လည်း စစ်တပ်ကို ဖြုတ်ချပြီး ပိုင်နက် ဒေသတွေမှာ ခိုင်ခိုင်မာမာ အုပ်စိုးနိုင်ရေးအတွက် လက်ရှိကာလထက် ပိုကောင်းတဲ့ အခွင့်အရေး မရှိတော့ပါဘူး။ ဒီတော့ စစ်တပ်က အာဏာကို ဆက်ပြီး ချုပ်ကိုင်ထားနေသေးသ၍ နိုင်ငံအနှံ့မှာ စစ်အာဏာရှင် ဆန့်ကျင်မှု တော်လှန်ရေးတွေက အရှိန်မပျက် တည်တံ့နေပါလိမ့်မယ်။
၉။ မြန်မာ့တော်လှန်ရေးမှာ အခုနှစ်ဟာ အဆုံးအဖြတ်တွေကို ဖန်တီးမယ့် ကာလတခုဆိုတာ သိသာနေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၆ လအတောအတွင်း ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေထဲမှာ တောင့်တင်းပြီးသား EAOတွေက စစ်တပ်အပေါ် စစ်ဆင်ရေးတွေက အရှိန်မြှင့်ပြီး ဖိအားပေးခဲ့တယ်။ စစ်တပ်ရဲ့ အခြေစိုက် စခန်းတွေ ဆက်တိုက် ကျဆုံးခဲ့သလို ထိန်းချုပ်ထားရာ မြို့ရွာတွေလည်း တစချင်းစီ ဆုံးရှုံးကုန်တယ်။ တိုင်းရင်းသား ဒေသတွေမှာ EAOတွေ အစွမ်းပြနေတဲ့အချိန် PDFကလည်း စစ်တပ်ရဲ့ အဓိက အင်အားစုစည်းရာ နေရာတွေလို့ ဆိုရမယ့် နေပြည်တော်နဲ့ ပြင်ဦးလွင်တို့မှာတောင် စစ်ဆင်ရေးတွေ လုပ်ဆောင်ပြခဲ့သလို တခြားမြို့ကြီးတွေနဲ့ အုပ်ချုပ်မှု ဗဟိုချက်မ မြို့တွေမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ နိုးနိုးကြားကြား ရှိနေတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအရ PDFဟာ မြို့ပြ စစ်ဆင်ရေးတွေအတွက် အရှိန်တင်နေပြီ ဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်။
မြို့ကြီးပြကြီးတွေဟာ စစ်တပ်အတွက် အဓိက ထိန်းချုပ်နယ်မြေတွေအဖြစ် ရှိနေဆဲပါ။ PDFတွေရဲ့ လက်နက်တပ်ဆင်မှု ပိုကောင်းမွန်လာပြီး စစ်ရေးစွမ်းရည် တိုးတက်လာတာနဲ့အမျှ အဲဒီ မြို့ကြီးတွေကို ချဉ်းကပ်ဖို့ စိုင်းပြင်းလာပါလိမ့်မယ်။ နေပြည်တော်မှာပဲ ပိတ်မိနေတဲ့ စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ လုပ်တတ်တဲ့ တခုတည်းသော နည်းလမ်းဖြစ်တဲ့ လူထုအပေါ် အကြမ်းဖက်မှုတွေကို ပိုပြီး အရှိန်မြှင့်လာပါလိမ့်မယ်။ သူတို့ကို ဆက်ပြီး မြှောက်ပေးနေဆဲ ပြည်ပနိုင်ငံ တချို့ကို တကျီကျီ အကူအညီ တောင်းပါလိမ့်မယ်။ ဒီနည်းတွေအပြင် စစ်တပ်ခေါင်းဆောင်တွေ တခြားဘာမှလည်း မလုပ်တတ်တော့ပါဘူး။ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အလှည့်အပြောင်းတွေကို ထုဆစ် ဖန်တီးရာမှာ အခု ၂၀၂၄ ခုနှစ်ဟာ အရေးပါတဲ့ အဆုံးဖြတ် နှစ်တနှစ် ဖြစ်လာပါလိမ့်မယ်။
(USIP က ဖော်ပြပြီး ဦးရဲမျိုးဟိန်းရေးသားသည့် Nine Things to Know About Myanmar’s Conflict Three Years On ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်။)