စစ်မီးအပူနဲ့ နွေပူပူအောက် က စစ်ရှောင်တို့ရဲ့ဘဝများ


မေ ၁

အခုနှစ် နွေရာသီမှာအရှေ့တောင် အာရှ ဒေသတွေမှာ အပူဒဏ်ကို ပြင်းထန်ဆိုးရွာစွာ ခံစားနေရတဲ့ ဒဏ်ကိုကြုံတွေ့နေကြရပါတယ်။ ဒါဟာ အယ်လ်နီညိုလို့ခေါ်တဲ့ အပူလှိုင်းကြောင့် ဒီနှစ်နွေရာသီဟာ ပိုပြီး ပူပြင်းတဲ့ ဒဏ်ကို ခံရမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

အရှေ့တောင် အာရှနိုင်ငံတွေမှာ မြန်မာနိုင်ငံကချောက်မြို့နယ်အပါအဝင် မြို့နယ်တချို့ဟာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ထဲမှာ ဆက်တိုက်ဆိုသလို ပါဝင်နေပြီး အပူဒဏ်ကြောင့် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ အခုတပတ်အတွင်း  လူသေဆုံးမှုတွေဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။

ဒီလိုအပူဒဏ်တွေကို ကာကွယ်ဖို့ မြို့ပေါ်တွေမှာ အပူရှောင်လို့ ရပေမယ့် စစ်ဘေးဒဏ်တွေကြောင့် တောတောင်တွေထဲကို ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကတော့ အပူ ဒဏ်တွေကို တိုက်ရိုက်ခံစားနေရတာပါ။

ဒါ့အပြင် အပူချိန်မြင့်တက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုဒဏ်ကိုပါ ခံစားနေရတာလည်းရှိပါတယ်။

ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရလက်နက်ကိုင်ပဋိပက္ခတွေကြောင့်  မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၂ ဒဿမ ၉ သန်းနီးပါးရှိတယ်လို့ သိရပါတယ်။

အပူဒဏ်ကြောင့် ရေရှားပါးမှုနဲ့ပတ်သတ်ပြီး မကွေးတိုင်းထဲက စစ်ရှောင်စခန်းတခုက စစ်ရှောင်တဦးက

“ ရှေရှားဆို ရေက တော်တော်ခက်ခဲသွားပြီ။ စစ်ရှောင်တွေအတွက် ရေက တော်တော်လေးကို ခက်ခဲတယ်။ ဒီလိုပဲ ထန်းလက်တဲလေးတွေထိုးနေရတာ အပူဒဏ်သက်သာဆိုတာ ကျွန်တော်တို့ အပူဒဏ် အသက်သာဆုံး နည်းလုပ်ထားတာ ရွာမှာ တဦးတယောက်မှနေလို့မရတာ “

သောက်သုံးရေ တခါရဖို့အရေး စစ်ရှောင်တဲကနေနှစ် မိုင်ခန့်ဝေးတဲ့နေရာအထိ လှည်းတွေနဲ့ တနေ့တခေါက်သွားသယ်နေရကာ  သောက်သုံးရေ အလှူရှင်တွေလည်း မရှိလို့ အလှူရှင်တွေပေါ်လာစေချင်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာလည်း ပခုက္ကူဘက်ကနေစစ်ကား ရှစ်ဆယ် ပါ စစ်ကြောင်းနဲ့ စစ်ကြောင်းထိုးလာနိုင်တာကြောင့် စစ်ရှောင်တွေအနေနဲ့ နေပူထဲမှာ တခြားနေရာကို ခက်ခက်ခဲခဲ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကြာခဏဆို သလို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ထဲက စစ်ရှောင်စခန်းတွေမှာလည်း သက်ကြီးပိုင်းတွေသာမက ကလေးငယ်တွေနဲ့ လူလတ်ပိုင်းတွေပါ အပူဒဏ်ကြောင့် အပူချောင်းဆိုးတာ ၊ ဖျားနာ တာတွေအပြင် မျက်စိနာတဲ့ ဝေဒနာတွေလည်း ခံစားနေရတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

လက်ရှိခံစားနေရတာတွေနဲ့ ပတ်သက်ပြီး ယင်းမာပင်နယ်ထဲက စစ်ရှောင်တဦးပြောပြတာက

“ခက်ခဲတာပေါ့ နေရထိုင်ရတာ လူကြီးတွေဆိုရင်ရော ကလေးတွေဆိုရင်ရော ခက်ခဲတာပေါ့။နေကပြင်းတာ ။ အပူလျှပ်ပြီးဖျားတာ။ ဟုတ်တယ်ဖျားနေကြတာ။ ကျွန်တော်ကိုယ်တိုင်ဖျားနေတာ တော်တော်များများ ဖျားတယ်။”

နေပူပြီး ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရေ သောက်သုံးဖို့လိုအပ်ပေမယ့် ဓာတ်ဆားထုပ်ဝယ်ဖို့ခက်ခဲသလို  အလှူရှင်တွေလည်း မရှိတာကြောင့် စစ်ရှောင်တွေအတွက်  ဓာတ်ဆားအပါအဝင် တခြားဆေးဝါးနဲ့အကူအညီတွေ အများကြီးလိုအပ်တယ်လို့ သူက ထပ်ပြောပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်ရှောင်စခန်းတချို့မှာလည်း နေပူတာ နဲ့ ရေရှားပါးတာတွေကြောင့် စစ်ရှောင်တွေဝမ်းပျက်ဝမ်းလျှော ရောဂါခံစားနေရရသလို အပူဖုတွေလည်းထွက်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတဦး ပြောပါတယ်။

“အခုလောလောဆယ်  ရေပျက်တာတွေဘာတွေ ရှိတယ်ဗျ ။ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်တယ်ဗျ။အန်လျှောရောဂါတွေဖြစ်တာများတယ်ဗျ ။ဝမ်းပျက် ဝမ်းလျှော ရော ဂါကတော့ တော်တော်များတယ်ပြောရမယ်ဗျ။သုံးပုံပုံ နှစ်ပုံပုံလောက်ကတော့ဖြစ်တယ်ဗျ”

တောတောင်တွေထဲ မှာ စစ်ရှောင်နေကြရတာကြောင့် အနီးအနားမှာ အခမဲ့ဆေးပေးခန်းတွေမရှိသလို ရောဂါအခြေအနေဆိုးဝါးလာပါက စစ်ရှောင်စခန်းနဲ့ ခုနှစ် မိုင်လောက်ဝေးတဲ့ အနီးဆုံးရွာမှာ ဆေးခန်းသွားပြရတယ်လို့ သူကဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် NOAA – ရာသီဥတုကြိုတင်ခန့်မှန်းရေးစင်တာ က မေလ ၈ ရက်ကနေ  ၁၄ ရက်၊ မေလ ၁၅ ရက်ကနေ မေလ ၂၁ ရက်အတွက် ထုတ်ပြန်ချက်မှာ တော့ မေလ ၁၅ ရက်နောက်ပိုင်းမှာ မြန်မာနိုင်ငံက အပူချိန် လက်ရှိထက်လျော့ကျသွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။