ဧပြီ ၊ ၃၀
“နောင်တမရှိတဲ့ကောင်ပါဗျာ။ မထိုးတော့ဘူးဆိုပြီး အကြိမ်ကြိမ်ထိုးနေတာ။ ကျွန်တော့်ကြောင့် အမေလည်းသေသွားပြီ။ အမေ့အိမ်နဲ့ခြံလေးကိုရောင်းပြီး လောင်းကစားလုပ်ခဲ့တဲ့ကောင်ပါ။ အမေသေတာအဲဒီစိတ်တွေပါမှာပေါ့”
ဧပြီလဆန်းရဲ့တစ်ရက်သော နေ့လည် နေပူကြဲကြဲအောက်မှာ မုံရွာမြို့၊နန္ဒဝန်ရပ်က ကတ္တရာလမ်းကျယ်ကြီးမှာ ကိုဘပု ဆိုက်ကားနင်းရင်းပြောနေတာပါ။ ပူပြင်းလှတဲ့ နေက ခေါင်းပေါ်တည့်တည့်မှာ။
ဆိုက်ကားစီးသူရော နင်းသူပါချွေးပြိုက်ပြိုက်ကျအောင်အပူရှိန်ကပြင်းလှပါတယ်။ အဲဒီရက်က မုံရွာမြို့အနီးဝန်းကျင်မှာ လေမတိုက်မိုးမရွာဘဲ နေပြင်းပြင်းပူနေတဲ့အချိန်ပါ။ ကမ္ဘာ့အပူဆုံးမြို့အဖြစ် ချောက်မြို့ကိုသတ်မှတ်ခံရတဲ့ နေ့တွေလောက်ကပေါ့။
ကိုဘပုဟာ အခုတော့တစ်ယောက်တည်း ရုန်းကန်နေရသူပါ။ အရင်ကအဖေရော အမေပါ မုံရွာမြို့လယ် နေရာကောင်းမှာ အိမ်ကောင်းကောင်းနဲ့ မပူမပင်နေခဲ့ရသူပါ။ ကိုဘပု ငယ်ရွယ်စဥ်ကတည်းက လောင်းကစား အတင်းလုပ်ခဲ့သူ ဖခင်ဟာကွယ်လွန်ခဲ့ပါတယ်။ ကိုဘပုမိဘနှစ်ပါးစလုံးဟာ မိဘတွေထားရစ်တဲ့ အမွေတွေနဲ့ ထိုင်စားလာကြတာပါ။
ကိုဘပု ဖခင်ဟာ မသေခင်အထိ လောင်းကစားလုပ်တဲ့အတွက် ပစ္စည်းဥစ္စာတွေကုန်ပြီး မြို့လယ်က အိမ်ကိုပါရောင်းခဲ့ရတာပါ။ ရောင်းလို့ရတဲ့ငွေ အကြွေးဆပ်စရာရှိတာဆပ်ပြီး ကျန်တဲ့ငွေလေးနဲ့ မြို့အစွန်ကအိမ်ဝင်းလေးဝယ်နေကြတာဖြစ်ပါတယ်။
မြို့အစွန်က အမေ့ရဲ့အိမ်ဝင်းလေးကို ကိုဘပု ရောင်းပြီးလောင်းကစားလုပ်ခဲ့တယ်။ ကိုဘပုဟာ မိခင်နဲ့အတူ ကျူးကျော်တဲမှာနေပြီး ကျပန်းအလုပ်လုပ်တယ်။ရလာတဲ့ငွေ လောင်းကစားလုပ်တယ်။ရလိုက်၊ ကုန်လိုက်ချာလပတ်လည်နေတယ်။
ဆင်းဆင်းရဲရဲ နေရတဲ့မိခင်ကြီးဟာလည်း မကြာပါဘူး။ စိတ်ဆင်းရဲပြီး သေသွားပါတယ်။ အဲဲဒီကတည်းက ကိုဘပုလည်း မိတ်ဆွေတစ်ယောက်က ထောင်ပေးထားတဲ့ ဆိုက်ကားနင်းစားနေတာပါ။
“အခုလို ဆင်းဆင်းရဲရဲလုပ်စားရတော့ ငွေသုံးရမှာ အရမ်းနှမျောလာပြီ။ လောင်းကစားလုပ်တဲ့သူဟာ ဘယ်တော့မှ မကြီးပွားမှန်းသိတယ်။ လူမချမ်းသာဘူး။ စိတ်မချမ်းသာဘူး။ ဒါတွေသိပေမယ့် မထိုးတော့ဘူးဆိုပြီး အကြိမ်ကြိမ်ထိုးနေမိတာပါဗျာ”လို့ ကိုဘပုက ဆိုက်ကားကုန်းနင်းရင်းပြောပါတယ်။
ကိုဘပုက နှစ်လုံးထီ အထိုးကြမ်းသူပါ။ချဲလို့ခေါ်တဲ့ သုံးလုံးလည်းထိုးပါတယ်။ချဲ ကတော့ တစ်လမှ နှစ်ကြိမ်မို့ နှစ်လုံးထီနဲ့စာရင် အရှုံးနည်းပါတယ်။ နှစ်လုံးထီဟာ တစ်ရက်မှာ နှစ်ကြိမ်ရှိတာမို့ ငွေကုန်ကြေးကျ ပိုများပါတယ်။လောင်းကစားတို့ရဲ့ ထုံးစံအတိုင်း ကစားသူဟာ အမြဲလိုလို ရှုံးနေတာပါ။
စစ်ကိုင်းတိုင်းရဲ့ လူဦးရေ၅သိန်း ကျော်နေထိုင်ရာ မုံရွာမြို့မှာ လောင်းကစားတွေထူပြောလာပြီး ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေ ခြိမ်းခြောက်ခံနေရပါတယ်။
မုံရွာမြို့မှာ လောင်းကစားတွေ ဘယ်လောက်ထူပြောသလဲဆို ဆင်ခြေဖုံးရပ်ကွက်တွေထဲက အိမ်ကြိူအိမ်ကြားတွေမှာ ကပ်ပြားနဲ့မင်းသားမင်းသမီးနာမည်တွေကိုထိုးရတဲ့ လောင်းကစားတွေ၊ ဂျင်ဝိုင်း၊ ဖဲဝိုင်းတွေဟာ မမြင်ချင်အဆုံးပေါများလှသလို မြို့လည်ကတိုက်ကြီးတွေပေါ်မှာလည်း သူဌေးတွေ လူလတ်တန်းစားတွေဟာ မွန်းတည့်၁၂နာရီနောက်ပိုင်းမှာ နေရာတွေပြောင်းချိမ်းပြီးကစားနေကြတာ အများအပြားပါ။
စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့နဲ့ အခြားမြို့ရွာတွေမှာရောင်စုံမီးတွေအောက်က ကာစီနိုကစားရုံမရှိပါဘူး။ဒါပေမယ့် မုံရွာမြို့အပါအဝင် ဒေသအတော်များများမှာ အွန်လိုင်းကနေ လောင်းကစားလုပ်ကြတာတွေ သိသိသာသာတိုးပွားလာနေပါတယ်။
မုံရွာမြို့မှာလောင်းကစားတွေ ထူပြောလာတယ်။ မူးယစ်ဆေးသုံးတဲ့ပမာဏမြင့်လာတယ်။ အကြမ်းဖက်တာ၊ဓားပြတိုက်တာ၊ ပြန်ပေးဆွဲတာတွေ ကတော်လှန်ရေးနဲ့ရောချပြီး ဒုစရိုက်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်လာတာတွေ တွေ့ရတယ်။
“အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးဘာလုပ်သလဲဆိုတော့ ထောင်ခါတယ်။ ထောင်ခါတဲ့သဘောက ထောင်ထဲမှာရှိတဲ့ ခိုး၊ဆိုး၊လု၊နှိုက် ရာဇဝတ်သားတွေကို တမင်ရည်ရွယ်ချက်ရှိရှိလွှတ်ပေးတာတွေ့ရတယ်။ လွှတ်ပေးပြီး အဲဒီနေရာမှာနိုင်ငံရေးအကျဥ်းသားတွေဖမ်းထည့်တာဗျ။ ခိုး၊ဆိုး၊လု၊နှိုက်တွေ လွှတ်ပေးလိုက်တာဟာ လူ့အဖွဲ့အစည်းမတည်ငြိမ်မှုဖြစ်အောင် မုံရွာမြို့ရဲ့တရားဥပဒေစိုးမိုးမှုကို တမင်ထိခိုက်ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာလို့မြင်တယ်။”လို့ ဒီမိုကရေစီအရေးကူညီသူများကွန်ရက် တည်ထောင်ခဲ့သူ ကိုစိုးဝင်းဆွေက သုံးသပ်ပါတယ်။
တိုးပွားလာတာနဲ့အတူ လောင်းကစားနွံထဲကထိုးသားတွေရဲ့ဆင်းရဲဒုက္ခကလည်း ကြီးထွားများပြားလာနေပါတယ်။စစ်ကိုင်းတိုင်းနဲ့ မုံရွာမြို့လိုနေရာမျိုးမှာ လောင်းကစားတွေဘယ်လောက်ပမာဏများ လာတယ်ဆိုတာ မျိုး စစ်တမ်းကောက်ထားတာမျိုးမတွေ့ရသေးပေမယ့် တစ်နိုင်ငံလုံးခြုံပြီး ISP-Myanmar (Institute For Strategy And Policy-Myanmar)
က စစ်တမ်းကောက်ယူထားပါတယ်။
ISP-Myanmar ရဲ့ စစ်တမ်းရယူထားတဲ့ မြို့နယ် ၁၁၀ အနက် ၉၆ ရာခိုင်နှုန်းဟာ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒုက္ခကို ရင်ဆိုင်နေရပြီး လျှပ်စစ်မီးပြတ်တောက်တာက ဒုတိယအများဆုံးရင်ဆိုင်နေရတဲ့ ဒုက္ခဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း လူမှုစီးပွားရေးအခြေအနေတွေကို သိရှိဖို့အတွက်ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်လည်ပိုင်းက လောင်းကစားလုပ်ငန်းတွေတွင်ကျယ်လာတာကို ISP- Myanmar စစ်တမ်းမှာ တွေ့ရပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ မြို့နယ်၁၁၀ ထဲက ၁၀၅မြို့နယ်မှာ လောင်းကစားလုပ်ငန်းတွေ တွင်ကျယ်နေတာပါ။
နှစ်လုံး၊ သုံးလုံးထီနဲ့ စီးပွားဖြစ် ဂျင်ဝိုင်း၊ဖဲဝိုင်း၊ကြက်ဝိုင်း စတဲ့လောင်းကစားတွေပါဝင်ပါတယ်။ နှစ်လုံး၊ သုံးလုံးထီကို မြို့နယ်၁၁၀ ထဲက ၆၈ မြို့နယ်အတွင်းမှာ လုပ်နေကြတာပါ။ တစ်ရက်ခြောက်ကြိမ်ထိုးလို့ရတဲ့ ဒူဘိုင်းထီကိုကစားသူတွေလည်း ရှိနေပါပြီ။
နှစ်လုံး၊သုံးလုံးထီတွေအပြင် စီးပွားဖြစ်လောင်းကစားတွေပိုများလာတာကိုလည်း ISP-Myanmar စစ်တမ်းမှာတွေ့ရပါတယ်။ မြို့နယ်၁၁၀ထဲက၄၁မြို့နယ်မှာစီးပွားဖြစ်လောင်းကစားတွေ ပိုမိုကျယ်ပြန့်လာပါတယ်။ စီးပွားဖြစ် ဂျင်ဝိုင်း၊ကြက်ဝိုင်းလုပ်ကိုင်တာတွေဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လထဲကစပြီးပိုများလာတယ်လို့စစ်တမ်းမှာတွေ့ရပါတယ်။
မုံရွာမြို့လယ်ရပ်ကွက်တစ်ခုက အသက်၃၀ ကျော်လူငယ်စုံတွဲဟာ စစ်အာဏာမသိမ်းခင်က ပုဂ္ဂလိကဘဏ်တစ်ခုမှာအလုပ်အတူတူလုပ်ခဲ့ကြတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကစဥ့်ကလျားဖြစ်လို့ ဘဏ်အလုပ်ကထွက်ခဲ့ကြပြီး ၂လုံး၃လုံး လောင်းကစားဖက် ဦးစားပေးလုပ်လာခဲ့ကြပါတယ်။
ပထမပိုင်းကာလတွေမှာတော့ ကောင်လေးရောကောင်မလေးပါထိုးသားပေါ့။နောက်ပိုင်းမှာ ကောင်မလေးကလက်ခွဲဒိုင်ခံတာမျိုးလုပ်လာတယ်။ ထိုးသားတုန်းက ၂လုံးကို နေ့စဥ်ဆထိုးလိုက်တာမျိူး၊ တကွက်ထဲပေါက်မယ်ထင်ပြီးအော ထိုးတာမျိုး၊ ပါတ်သီးလိုက်တာမျိုး၊ ဘရိတ်အပိုင်ထိုးတာမျိုးတွေဆက်တိုက်လုပ်တော့ စုထားဆောင်းထားသမျှငွေတွေအပြင်အဒေါ်ဖြစ်သူရဲ့ နားကပ်ပါ ရောင်းပြီး ထိုးကြေးပေးရတာမျိုးအထိအရှုံးကြီးခဲ့တယ်။
ငွေအရများချမ်းသာတဲ့ဒိုင်တွေကို အားကျပြီး ဒိုင်ခံတဲ့ကောင်မလေးခမျာ တစ်ပါတ်၁၀ကြိမ်မှာ ၈ကြိမ်ကလျော်နေရတော့ စုထားသမျှအကုန်ကုန်တော့တဲ့အပြင် ဟိုကဒီကငွေချေးရတဲ့အထိဖြစ်ခဲ့ပါတော့တယ်။
“ကျမတူလေးက လောင်းကစားကို မိုက်မိုက်ကန်းကန်းလုပ်တာ။ ဒိုင်တွေကထိုးသားထက် ချမ်းသာတယ်လို့ထင်ပြီး သူ့မိန်းမက ဒိုင်ပါခံတော့ ပိုကြပ်တည်းကုန်ကြတယ်။ ကျမနားကပ်ဖြုတ်ရောင်းပြီးထိုးကြွေးတွေဆပ်လိုက်ရတယ်။ဒါနဲ့မရပ်ကြသေးဘဲ ထပ်ရမလားလိုက်ကြရင်း သူတို့မှာရှိတဲ့ဆိုင်ကယ်၊စက်ဘီးနဲ့ ဖုန်းကအစ အကုန်ရောင်းဆပ်ကြရတယ်။ အခုတော့သူတို့လင်မယားလည်းကွဲသွားကြပြီ။ကျမတူလေးလည်း ဖုန်းစုတ်လေးကိုင်ပြီးအလုပ်လက်မဲ့ဖြစ်နေတယ်”လို့ အဒေါ်ဖြစ်သူကပြောပါတယ်။
လောင်းကစားတာ ကြာရှည်လာတဲ့အခါ အကြွေးစနစ်နဲ့ လက်ခံပေးတာကလည်း လောင်းကစားလောကရဲ့ နောက်ထပ်ထုံးစံတစ်ခုပါပဲ။ လှေမျောလှေနဲ့ လိုက်၊ ငွေမျော ငွေနဲ့ လိုက်ဆိုတာ သူတို့ရဲ့ လက်သုံးစကား။
အကြွေး ကျေနိုးနဲ့ ကစားတဲ့ပမာဏလည်း ပိုပြီးကြီးလာကြပါတယ်။ တချို့ဆို အကြွေးတွေ တစ်ရစ်ပြီး တစ်ရစ် တက်လာလိုက်တာ ဆယ်သိန်း၊ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်တွေအထိ ဖြစ်လာပါတော့တယ်။ ကိုဘပု ခံလိုက်ရတာ အဲဒီပုံစံမျိုးပါ။
အာဏာသိမ်းအလွန် ဆုတ်ယုတ်မှုတွေထဲမှာ နိုင်ငံအနှံ့ လောင်းကစားနွံထဲနစ်မွန်းသူတွေ ပိုများလာပါတယ်။ နိုင်ငံအနှံ့ ရပ်ကွက်တွေထဲနဲ့ ဘုရားပွဲတွေမှာ လောင်းကစားဝိုင်းတွေပိုများလာတာပါ။
လောင်းကစားဖက်ကို လူတွေလှည့်လာကြတာဟာ အလုပ်အကိုင်ရှားပါးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စားဝတ်နေရေးကြပ်တည်းတာနဲ့ အလုပ်ဖြစ်နိုင်တဲ့စီးပွားရေး ဝန်းကျင်မရှိတာလည်း ပါပါတယ်။
လောင်းကစားတွေထဲမှာ ရှေးကတည်းကဒီနေ့ခေတ်အထိ ကွက်ပျောက်ရိုက်ကစားကြတဲ့ ကြက်ဝိုင်းနဲ့ဖဲရိုက်တာကို မုံရွာနယ်မှာ အခုချိန်ထိတွေ့နေရဆဲပါ။ ဖမ်းဆီးမယ့်ရဲတပ်ဖွဲ့ကလည်း အခုလိုခေတ်မကောင်းချိန်မှာ လက်
ရှောင်နေကြတဲ့အတွက် လူမြင်ကွင်းမဟုတ်တဲ့နေရာတွေမှာ ချိန်းဝိုင်းတွေရှိနေတုန်းပါ။
“အခုအချိန်မှာ ကိုယ့်အသက်လောက် ဘယ်ဟာမှအရေးမကြီးဘူး။ ကိုယ့်အသတ်ခံရမယ့်ကိစ္စဆိုကြည့်ရှောင်နေရတယ်။ လောင်းကစားတွေကြီးထွားနေတာသိပါတယ်။ ဒီအတိုင်းအသာနေ နေရတာ”လို့ နာမည်မဖော်လိုတဲ့ရဲတပ်ဖွဲ့ဝင်ကပြောပါတယ်။
ကြက်ပွဲဆိုတာ ဆောင်းရာသီမှာမှ လုပ်ကြတာများပေမယ့် ပြီးခဲ့တဲ့မတ်လလယ်က မုံရွာမြို့ချင်းတွင်းမြစ်ဘေးက ဘောလုံးတစ်ကွင်းစာ သဲသောင်ပြင်ကျယ်ကြီးထဲက ကိုင်းပင်တွေကြားက အရိပ်တွေမှာ ကြက်ဝိုင်းနဲ့ဖဲဝိုင်းတွေကို တွေ့ခဲ့ရပါတယ်။
အဲဒီ ကြက်ဝိုင်းက လက်ကိုင်ဖုန်းနဲ့ အခြားဆက်သွယ်ရမယ့်ဟာမျိုးတွေယူမသွားရပါဘူး။
မုံရွာတောင်ညောင်ပင်ဇောက်ကတဆင့် ချင်းတွင်းမြစ်ထဲကသဲသောင်ပြင်ထဲကိုနေ့လည် နေပူကြဲကြဲမှာရောက်ခဲ့တာပါ။ အထက်ကနေပူ၊ အောက်ကသဲပူနဲ့ရှိနေတဲ့ သဲသောင်ပြင်ကြီးမှာ အဝေးကလှမ်းကြည့်ရင်တော့ဘာမှမမြင်၊မကြားရပါဘူး။
ကိုင်းပင်ကြိုကိုင်းပင်ကြားကဝင်သွားမှ အလယ်လောက်မှာ လူစုလူဝေးကြီးဝိုင်းထားတာမျိုး၂၀ိုင်းတွေ့တာပါ။ ဝိုင်းတွေအလည်မှာ တိုက်ကြက်နှစ်ကောင် သဲကြီးမဲကြီး ခွပ်နေတာတွေ့ရတယ်။
ဘေးပတ်လည်မှာ လူတွေဟာ နွေနေပူကိုပင် သတိမထားနိုင်ဘဲ အော်ဟစ်နေကြတာပါ။ ဝိုင်း၂ဝိုင်းရဲ့ဘေးပတ်လည် ကိုင်းပင်တွေ ကြားမှာတော့ ခေတ်မီကားတွေ၊ အကောင်းစားဆိုင်ကယ်တွေ ရုတ်တရက်မမြင်ရအောင် ထိုးထားကြတာတွေ့ရတာပါ။
“ဒါမျိုးအခုတွေ့ပေမယ့် နောက်ရက်ရှိချင်မှရှိတာ။ နေရာတွေပြောင်းရွေ့ပြီးချိန်းပွဲတွေလုပ်ကြတာ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးချိန်းကြတာ။တခါတလေမြို့အရှေ့ပိုင်းက ခြုံတွေကြားကကွင်းထဲရောက်ချင်ရောက်ကြတာ။တခါတလေသုဿာန်ထဲလည်းချိန်းကြတာ” လို့ ကြက်ဝိုင်းကိုခေါ်သွားသူကပြောပါတယ်။
ကြက်ဝိုင်းနဲ့အတူ ဖဲဝိုင်းအချို့ကို ကိုင်းပင်တွေကြားမှာ ဟိုတစ်စုဒီတစ်စုတွေ့ခဲ့ရပြီး ထန်းခေါက်တောင်းတွေနဲ့ထည့်ထားတဲ့ ထန်းရေ၊အရက်မျိုးစုံ၊၊ဘီယာဗူးစုံ နဲ့အစားအစာတွေရောင်းတဲ့အမျိုးသမီးတစ်စုကိုလည်းကိုင်းပင်ကြားကအရိပ်မှာ တွေ့ခဲ့ရပါသေးတယ်။
“အဲဒီအမျိုးသမီးတွေက အပေါင်ခံကြသေးတာ။ ကြက်ဝိုင်း၊ဖဲဝိုင်းမှာငွေကုန်လို့ ရှိတာ၊ ပါတာပေါင်လို့ရအောင် အစားအသောက်ရောင်းရင်းစောင့်နေကြတာ” လို့ သူကဆက်ပြောပြပါသေးတယ်။
အစိုးရအဆက်ဆက် လောင်းကစားကိုမနှိမ်နင်းနိုင်တာမှန်ပေမယ့် လက်ရှိစစ်ကောင်စီလက်ထက်မှာ လောင်းကစားပေါင်းစုံ ပိုများလာတာနဲ့အတူ ဆင်းရဲနွံနစ်သထက်နစ်သူတွေ ပိုများလာတာလည်း တွေ့နေရပါတယ်။
မြန်မာနိုင်ငံစီးပွားရေးကျဆင်းခဲ့တာဟာ ကိုဗစ်ရောဂါကြောင့်မဟုတ်ဘဲ ၂၀၁၈ ခုကတည်းကကျဆင်းခဲ့တာကို စစ်ကောင်စီကရုန်းကန်ခဲ့ပြီး၂၀၂၁ခု ကနေ ၂၀၂၃ ခုအထိတောက်လျောက် စီးပွားရေးဦးမော့လာခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောထားပါတယ်။
နိုင်ငံအတွင်းက တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းတာ၊ ပြည်တွင်းမှာငွေကြေးဖောင်းပွတာနဲ့ ကုန်စျေးနှုန်းကြီးမြင့်တာတွေဖြစ်နေချိန်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်က အခုလို ပြောလာတာဖြစ်ပေမယ့် ဘယ်လောက်အထိ တိုးတက်ဦးမော့လာတယ်လို့ တိတိကျကျပြောတာမျိုး မရှိပါဘူး။
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့လုံခြုံရေးကိုသူတို့ ကိုယ်တိုင်စိုးရိမ်နေရတဲ့အတွက် ရာဇဝတ်လုပ်သူတွေကိုနှိမ်နင်းရေး လျော့ကျနေပြီး မသမာသူတွေအခွင့်အရေးရနေတဲ့ အချိန်လို့ပြောရမှာပါ။
“ဒါတွေရဲ့တရားခံဟာ ခိုး၊ဆိုး၊လု၊နှိုက်တွေကို ထောင်ခါလွှတ်တဲ့ အကြမ်းဖက်စစ်အုပ်စုမှာတာဝန်ရှိတယ်။ အကြမ်းဖက်စစ်တပ်လက်ပါးစေ ရဲ ဆိုတာတွေကလည်း တော်လှန်ရေးသမားတွေကိုဘဲဖမ်းဖို့ အဓိကဖြစ်နေတာပါ။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်တာဝန်ယူဖို့၊ လုံခြုံဖို့ဆိုတာ သူတို့ခေါင်းထဲမရှိတော့ဘူး။ ရဲတို့ စစ်သားတို့ဆိုတာ PDFဖမ်းဖို့ပဲဖြစ်နေတော့
ကျန်တဲ့အပိုင်းတွေမှာ တမင်ကိုလွှတ်ထားသလိုဖြစ်နေတာပါ။ ဒါသည်ပင်လျင်မုံရွာမြို့မှာ မူးယစ်ဆေးပေါတာ၊ လောင်းကစားပေါတာ၊ ဒုစရိုက်မှုတွေထူပြောလာတာတွေရဲ့ အကြောင်းရင်းခံတွေပဲဖြစ်ပါတယ်။”လို့ကိုစိုးဝင်းဆွေကပြောပါတယ်။
လောင်းကစားကြောင့် ဘဝပျက်သူတွေ ၊ကြွေးနွံနစ်သူတွေကိုလူ့အဖွဲ့အစည်း ပတ်ဝန်းကျင်မှာ ပိုတွေ့လာနေရတယ်လို့ ISPကသုံးသပ်ထားပါတယ်။
စစ်ကိုင်းတိုင်းအပါအဝင်မြန်မာနိုင်ငံအနှံ့ပျံ့နှံ့နေတဲ့ အွန်လိုင်းလောင်းကစားအပေါ် ထိထိရောက်ရောက်အရေးမယူနိုင်သေးပါဘူး။အရေး ယူဖို့နည်းလမ်းကို မရှိသေးသလို ဖမ်းမယ့်စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်အသက်အန္တရာယ်ကို ပြန်ကာကွယ်နေရတဲ့အတွက် လောင်းကစားလုပ်သူတွေဆီကအမြဲရနေတဲ့ လိုင်းကြေးကိုပင် မယူရဲဘဲဖြစ်နေတာပါ။
အဲဒီလိုနည်းလမ်းကဝင်တဲ့ငွေ မရှိသလောက်နည်းသွားတဲ့အတွက် မြို့နဲ့အနီးဝန်းကျင်ကသူဌေးတွေကို ရဲတွေက အပြစ်မရှိအပြစ်ရှာ ပစ်မှတ်ထားဖမ်းဆီးတာတွေရှိနေပါတယ်။ ဖမ်းဆီးပြီးငွေညှစ်နေတဲ့အတွက် သူဌေးအများစုက မုံရွာမြို့နဲ့အနီးဝန်းကျင်ကကိုယ့်အိမ်ရာတွေပစ်ပြီး တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်ကိုပြောင်းသွားကြတာ မုံဦးလွင်လို့ခေါ်ရတဲ့အထိပါ။
“မုံရွာအမှတ်၁ရဲအချုပ်မှာ လူအပြည့်ဘဲ။အချုပ်ထဲစရောက်ပြီး ၂ရက်လောက်နေတော့ ၁၀ယောက်လောက်တိုးလာတယ်။ နောက်ထပ်တစ်ပါတ်လောက်နေတော့ ၅၀လောက်တိုးလာတယ်။ဒါကလည်းအသစ်ဝင်လာရင်နံပတ်စဥ်အော်ရလို့ ကိုယ့်နောက်ဘယ်နှယောက်ဆိုတာ သိတာပါ။ အဲဒီထဲမှာအများစုက ဘာပြစ်မှုမှမကျူးလွန်ဘဲ ရောက်လာကြသူတွေပေါ့။လောင်းကစားကြောင့် ရောက်လာတဲ့သူ သိရသလောက် မတွေ့ခဲ့ရဘူး။”လို့ လွတ်လာသူကပြောပါတယ်။
လောင်းကစားအွန်လိုင်းဂိမ်းတွေကို စစ်ကောင်စီ ဥပဒေအရတားဆီးတာအရေးယူတာတွေ မရှိတဲ့အတွက် လောင်းကစားဂိမ်းတွေက မြန်မာနိုင်ငံအနှံပျံ့နှံ့နေတာပါ။
အွန်လိုင်းကတဆင့် လောင်းကစားဂိမ်းဆော့သူတွေလည်း အရင်ကထက်ပိုများနေပါတယ်။ အွန်လိုင်းကနေ ကစားနိုင်တဲ့ ဘောပွဲ၊ ထီ၊ ရှမ်းကိုးမီးစတဲ့လောင်းကစားတွေပေါများလာပါတယ်။ အဲဒီလောင်းကစားတွေက အသံမထွက်၊ မီးခိုးမထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကစားလို့ရတဲ့အရာတွေပါ။
နေပူထဲထွက်ကစားစရာမလိုဘူး။ ချွေးထွက်စရာမလိုဘူး။ ဒါပေမယ့် ထိုးသမျှပိုက်ဆံပြန်မရတာများတယ်။ ဆိုက်ကားနင်းပြီးနှစ်လုံးအမြဲထိုးနေတဲ့ကိုဘပုလည်း ထိုးသမျှမပေါက်တာချည်းပါဘဲ။
ကိုဘပုရဲ့ ဆိုက်ကားအိုလေးက ရောက်ရမယ့် ခရီးမရောက်ခင်ဘီးပေါက်သွားတယ်။ အနီးဝန်းကျင်ဘီးဖာဆိုင်ကမရှိ။ နီးတဲ့ ထနောင်းပင်ရိပ်အောက်ထိုးရင်း ဘီးပြင်တဲ့ပစ္စည်းတွေနဲ့ ကိုဘပု ဘီးပေါက်ကို ကိုယ်တိုင်ဖာဖို့ ပြင်ဆင်တယ်။ ဘီးမဖာခင် နေ့လည်၁၂နာရီ၁မိနစ်မှာ ထွက်တဲ့နှစ်လုံးဂဏန်းကို အွန်လိုင်းကတဆင့်ကြည့်ရင်း ကိုဘပု ပြောနေတာကြားရတယ်။
” တစ်လုံး တောင် မတူဘူး ”