မန္တလေးမှာအမျိုးသားတဦးအပူရှပ်လို့ထပ်မံသေဆုံး


Photo. မဏီစလလူမူကူညီရေးအသင်း (မန္တလေး)

ဧပြီ  ၊ ၃၀ 

မန္တလေးမြို့မှာ မနေ့ကဧပြီလ၂၉ရက်ညပိုင်းမှာ အသက် ၅၂ နှစ်အရွယ် အမျိုးသား တဦး အပူရှပ်ပြီး မူးလဲလို့ ဆေးခန်း ပို့ဆောင်ပေးခဲ့ရပြီး ဆေးခန်းအရောက်မှာသေဆုံးသွားတယ်လို့ မဏီစလ လူမှုကူညီရေးအသင်းက အသိပေးဖော်ပြထားပါတယ်။

မန္တလေးနဲ့ရန်ကုန်အပါအဝင် ဒေသအများစုမှာ အပူချိန်မြင့်မားနေလို့ Heat Strokeလို့ခေါ်တဲ့ပြင်းထန်အပူရှပ်နဲ့ သေဆုံးတာတွေဆက်တိုက်ဖြစ်ပွားနေတာပါ။

မန္တလေးမြို့ခံ ပရဟိတအဖွဲ့တခုဖြစ်တဲ့ မဏီစလ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးကအခုလအတွင်း မန္တလေးမြို့မှာ အပူဒဏ်ကြောင့် ဆေးရုံတက်ရောက်ကုသနေရသူ များပြားနေပြီး အဲထဲက ငါးယောက်ကတော့ အပူရှပ်လို့ သေဆုံးသွားတယ်လို့ DNAကို မကြာသေးခင်ကပြောထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကပဲ မန္တလေးမြို့၊ စျေးချိုမှာ စျေးဝယ်နေတဲ့ အမျိုးသမီးတဦး အပူရှပ်လို့ ရုတ်တရက် လဲကျသေဆုံးခဲ့သလို ဧပြီလ ၁၂ ရက်ကလည်း မန္တလေးမြို့မှာပဲ သုံးဘီးမောင်းတဲ့ အမျိုးသားတဦး အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဧပြီလ ၂၇ ရက်နေ့က လည်းမန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနဲ့ အောက်ကမ်းနားလမ်းထောင့်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦး အပူရှပ်လို့ ဆေးခန်းကို တင်ပို့စဥ် သေဆုံးခဲ.ပါတယ်။

Heat Stroke (ပြင်းထန်အပူရှပ်) ဖြစ်ပြီး ရုတ်တရက် လဲကျသေဆုံးတာရှိသလို ဆေးရုံ၊ ဆေးပေးခန်းတွေမှာ ပြန်လည် သက်သာလာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ဆီကို တရက် အနည်းဆုံး အပူရှပ်လူနာ မပို့ရဘူးဆိုရင်တောင် နှစ်ခေါက်တော့ပို့ရတယ်။ အများစုက အသက်ရွယ်ကြီးရင့်သူတွေ နေပူထဲ အလုပ်လုပ်ကြရင် ဖြစ်တာပေါ့။ အလုပ်ကြမ်းလုပ်ကိုင်သူတွေလည်း အခုလိုဖြစ်တာများတယ်” လို့ မန္တလေးမြို့ခံလူမူကူညီရေး လုပ်ကိုင်သူ တဦးကပြောပါတယ်။

ဒါအပြင် ပုံမှန်ရက်တွေထက် Heat Stroke (အပူရှပ်) လူနာတွေ ပိုများလာပြီး အသက်သေဆုံးမှုတွေလည်း သိသားစွာတိုးလာတဲ့အတွက် သတိထားနေထိုင်သင့်သလို သေဆုံးသူတွေဟာ အသက် ၄၅ နှစ်အထက် လူကြီးပိုင်းတွေဖြစ်တယ်လို့ဆိုပါတယ်။

ချမ်းမြသာစည်အတွင်းနေထိုင်သူ တဦးကတော့ လက်ရှိမန္တလေးမြို့မှာ လျှပ်စစ်မီး ဆိုးဝါးစွာပြတ်တောက်နေတဲ့အတွက် အပူချိန်ကို နေ့အချိန်မှာသာမကာ ညပိုင်းမှာပါ ခံစားနေရတယ်လို့ ဆိုပါတယ်။

“လူကြီးတွေလည်း ဘယ်လိုမှာ မနေနိုင်ကြတော့ဘူး မီးက ၂၄ နာရီမှာ လေးနာရီလောက်တောင် ပြည့်အောင်မပေးနိုင်တော့ ပိုဆိုးတယ် ညဆိုလည်း အိပ်မရ နေ့ခင်းကျတော့ ပူလွန်းလိုအိမ်ထဲတောင်မနေနိုင်ဘူး အရှင်လတ်လတ်ငရဲကျနေသလိုပဲ”  လို့ သူက မှတ်ချက်ပြုပါတယ်။

ပူပြင်းတဲ့ အယ်နီညို ရာသီဥတုဖြစ်စဉ်ကို ရင်ဆိုင်နေရတာတဲ့ မြန်မာနိုင်ငံအတွက် မကွေး၊ ညောင်ဦး၊ ချောက်နဲ့ မန္တလေးမြို့တွေမှာ စံချိန်တင် အပူရှိန်မြင့်တက်မှုတွေဖြစ်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဆိုထားပါတယ်။

မန္တလေးမြို့ရဲ့ မနေ့ကဧပြီလ ၂၉ ရက် နေ့အပူချိန်ဟာ ၄၄ ဒသမ ၈ ဒီဂရီအထိ ရှိခဲ့ပြီး နှစ်ပေါင်း ၂၀ နီးပါးအတွင်း အမြင့်ဆုံးစံချိန်အသစ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

အပူရှပ်တာ မဖြစ်အောင်တော့ အဝတ်အစား ပါးပါးတွေ ဝတ်တာ၊ နေပူထဲသိပ်မထွက်တာ၊ ရေ၊ ဓာတ်ဆားရည်၊ အသီးဖျော်ရည်တွေလိုမျိုး အရည်များများသောက်တာ၊ အေးမြတဲ့ နေရာတွေမှာ နေထိုင်တာ၊ ပြင်းထန်တဲ့အလုပ်တွေကို နေ့လယ်ပိုင်းတွေမှာ မလုပ်တာ စတဲ့နည်းလမ်းတချို့နဲ့ ကာကွယ်နိုင်တယ်လို့ ဆရာဝန်တချို့က အသိပေးပြောဆိုထားပါတယ်။ 

အပူရှပ်လက္ခဏာခံစားနေရတဲ့လူတွေကိုတော့ အရိပ်ရတဲ့ နေရာ၊ အေးမြတဲ့နေရာတွေကို ခေါ်သွားပေးပြီး မလိုအပ်တဲ့ အဝတ်အစားတွေ ချွတ်ပစ်ပေးတာ၊ ခန္ဓာကိုယ် အပူချိန်ကျအောင် ရေချိုးပေး၊ ရေစိမ်ပေးတာ၊ ရေပတ်တိုက်ပေးတာ၊ ပန်ကာဖွင့်ပေး၊ ယက်ခပ်ပေးတာမျိုး အရေးပေါ်ပြုစုပေးနိုင်ပြီး ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးခေါ်သွားပေးရမယ်လို့လည်း အကြံပြုထားပါတယ်။