ဆွန်ခရန်အပြီး ကိုဗစ် ကူးစက်နှုန်း ပြန်မြင့်တက်လာတဲ့အပေါ် ထိုင်းအစိုးရ သတိပေး

ဧပြီ ၊ ၂၇

ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပြန်လည် တက်ရိပ်ပြလာတဲ့အပေါ် နိုးနိုးကြားကြား စောင့်ကြည့်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။

 ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ဧပြီလလယ်၊ ဆွန်ခရန် ပွဲတော်နောက်ပိုင်း ကိုဗစ်ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနေတာကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ထားဖို့ အမိန့်ပေးထားတာ ဖြစ်ပါတယ်။

 ဒုတိယ ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်နစ်ကာ အွန်ဂျစ်ကလည်း ဝန်ကြီးချုပ်ရော၊ ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေကပါ ထိုင်းမှာ နောက်ထပ် ကူးစက်ရောဂါ လှိုင်းတခု ခေါင်းထောင်လာနိုင်ခြေကို အလေးအနက် စိုးရိမ်နေကြကြောင်း ပြောပါတယ်။

 ဝန်ကြီးချုပ်ဟာ နိုင်ငံအနှံ့ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေ အများအပြား ရောက်ရှိလာနိုင်ခြေအတွက် ကြိုတင် ပြင်ဆင်ထားစေဖို့ပါ ဒေသဆိုင်ရာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေဆီ ညွှန်ကြားထားကြောင်းလည်း ကန်နစ်ကာက ဆိုပါတယ်။

 ထိုင်းအာဏာပိုင်တွေက တုပ်ကွေးမိသလို လက္ခဏာမျိုးတွေ ပြသနေသူတွေဟာ တတ်နိုင်သမျှ လူကြားထဲ မထွက်ဖို့၊ မဖြစ်မနေ သွားလာရတဲ့ အချိန်ကျရင် နှာခေါင်းစည်းတွေ ဝတ်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

 လက်ရှိမှာတော့ ထိုင်းမှာ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆင့်ပွား မျိုးကွဲသစ်တခု ပျံ့နှံ့ ကူးစက်နေကြောင်း ဓာတ်ခွဲ ရလဒ်တွေအရ အတည်ပြု တွေ့ရှိထားပါတယ်။

 ဆွန်ခရန် ပွဲတော်ပြီး ထိုင်းမှာ ကိုဗစ် ကူးစက်နှုန်း သိသိသာသာ မြင့်လာပေမယ့် ရောဂါဖြစ်ပွားတဲ့ အခြေအနေက ပြင်းထန်မှု နည်းပါးပြီး ရောဂါလက္ခဏာ အများစုဟာ နှာခေါင်း၊ လည်ချောင်း ဧရိယာတွေမှာသာ ပြသတတ်ပြီး အဆုတ်၊ လေပြွန်စတဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေထိ ပျံ့နှံ့တာမျိုး အရမ်းရှားကြောင်း သိရပါတယ်။

Ref: Bangkok Post