ကင်ဆာ ကုသမှု ခံယူနေတဲ့ ချားလ်စ်ဘုရင် အနားယူထားတဲ့ လုပ်ငန်းတာဝန်တချို့ ပြန်လည် ထမ်းဆောင်

ဧပြီ ၊ ၂၇

ကင်ဆာရောဂါအတွက် ဆေးဝါးကုသမှု ခံယူနေရတဲ့ ဗြိတိန်ဘုရင် ချားလ်စ်ဟာ အများပြည်သူနဲ့ ထိတွေ့ရတဲ့ လုပ်ငန်း တာဝန်တွေ ပြန်လည်စတင် ထမ်းဆောင်နေပြီလို့ တော်ဝင် မိသားစုက ကြေညာပါတယ်။

 တော်ဝင်မိသားစု နန်းစိုက် နေထိုင်ရာ ဘက်ကင်ဟမ် နန်းတော်က ချားလ်စ်ဘုရင်ရဲ့ ကင်ဆာ ကုသမှု အခြေအနေတွေမှာ အားတက်စရာတွေ တွေ့မြင်လာရတယ်လို့ အတည်ပြုခဲ့ပါတယ်။

 ကင်ဆာ ကုထုံးကြောင့် ချားလ်စ်ဘုရင်ဟာ လူအများနဲ့ ထိတွေ့ ဆက်ဆံရတဲ့ ပြည့်ရှင်မင်း တာဝန်တွေကနေ အနားယူထားခဲ့ပေမယ့် အခုတော့ တချို့သော လုပ်ငန်းဆောင်တာတွေကို ပြန်လည် ထမ်းဆောင်နိုင်နေပြီလို့ ဘက်ကင်ဟမ် နန်းတော်က ဆိုပါတယ်။

 ချားလ်စ်ဘုရင်ရဲ့ အခြေအနေဟာ အလုံးစုံ သက်သာ ပျောက်ကင်းနေပြီလို့ မဆိုလိုနိုင်ပေမယ့် သိသိသာသာ တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 ချားလ်စ်ဘုရင်ဟာ လူထုနဲ့ ဆက်ဆံမှု လုပ်ငန်းတွေ ပြန်လည် အစပြုတဲ့ အနေနဲ့ လာမယ့် သီတင်းပတ်ကျရင် ကင်ဆာ ကုသမှု စင်တာတခုဆီ သွားရောက်ပြီး ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နွေရာသီမှာ ဂျပန် ဘုရင်နဲ့ မိဖုရားတို့ရဲ့ နိုင်ငံတော် ခရီးစဉ်ကို ဧည့်ခံဖို့လည်း ချားလ်စ်ဘုရင်က စီစဉ်ထားပါတယ်။

 နန်းတော်ကတော့ လာမယ့် သီတင်းပတ်တွေအတွင်း ချားလ်စ်ဘုရင်ဟာ လူအများနဲ့ ထိတွေ့ ဆက်ဆံတဲ့ ကိစ္စတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။

 ဒါပေမဲ့ ချားလ်စ်ဘုရင်ရဲ့ ကျန်းမာရေး အလုံးစုံ ပြန်လည် ကောင်းမွန်လာနိုင်မယ့် အချိန်၊ လုပ်ငန်းတာဝန်တွေ အပြည့်အဝ ပြန်လည်ထမ်းဆောင်နိုင်ခြေတွေနဲ့ ပတ်သက်ရင်တော့ အတိအကျ ထုတ်ပြန်နိုင်ဖို့ စောလွန်းသေးတယ်လို့ နန်းတော်က ပြောကြားထားပါတယ်။

 Ref: BBC