တော်လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့တဲ့ ကော့ဘိန်းရဲစခန်းကိုစစ်တပ်ပြန်ထိန်းချုပ်

ကော့ဘိန်းရဲစခန်းကိုသိမ်းပိုက်ပြီးနောက်တွေ့ရတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များ – photo lion battalion commando ဗျူဟာစစ်ကြောင်း

ဧပြီ၊ ၂၆

ကရင်ပြည်နယ်၊ကော့ရိတ်မြို့နယ်ထဲက ကော့ဘိန်း ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့ တဲ့ မတ်လနောက်ဆုံးပတ်ကသိမ်းပိုက်နိုင်ခဲ့ပေမယ့် မနေ့ကတော့စစ်တပ်ကစစ်ကြောင်းပြန်ထိုးလာကာပြန်ထိန်းချုပ်လိုက်ပြီလို့ဒေသခံတွေဆီကသိရပါတယ်။

မွန်နဲ့ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကော့ ဘိန်းရဲစခန်းကို မတ်လကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တရက်အကြာ မတ်၂၅ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေအလံဖြူထောင်လက်နက်ချခဲ့ကြပါတယ်။

အဲ့ဒီနောက်စစ်ကောင်စီကကော့ဘိန်းနယ်မြေရဲစခန်း အနီးတဝိုက်ကိုအင်အားအများအပြားနဲ့ချက်ချင်းဆိုသလိုစစ်ကြောင်းထိုးတုံ့ပြန်ခဲ့တာကြောင့် တိုက်ပွဲ တွေဖြစ်နေခဲ့ပြီးမနေ့ကတော့ရဲစခန်းကိုပြန်ထိန်း ချုပ်နိုင်သွားပြီလို့သိရပါတယ်။

ရဲစခန်းကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်ပြီးနောက် တိုက်ပွဲဆက်ဖြစ်နေတာမရှိတော့ပေမယ့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကော့ဘိန်းရွာထဲမှာ ကင်းပုန်းဝပ် နေကြတာကြောင့်ရွာခံတွေနေရပ်မပြန်ရဲကြသေး ဘူးလို့ ဆိုပါတယ်။

“မနက်က ရွာထဲဝင်တော့ရုတ်တရက်ကြည့်လိုက်တာ ဘာမှ မရှိတော့ဘူးထင်တာ၊ ဘယ်ဟုတ်မလဲ၊ သူတို့ က အကာအကွယ်ကောင်းတဲ့နေရာမှာ တပ်စွဲ ထား တယ်၊ အဲဒါနဲ့ အိမ်ထဲကို မဝင်လိုက်ရဘူး၊ ချက်ချင်း ပြန်ထွက်လာရတာ”လို့ ကော့ဘိန်းကျေးရွာ ဒေသ ခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားရာဂဏန်းလောက်မနေ့က ဂျိုင်းမြစ်ထဲကနေ စစ်သင်္ဘောနဲ့ ကမ်းတက် လာပြီးနောက် ဒီကနေ့မနက်ပိုင်းမှာတော့ တချို့တပ် ပြန်ဆုတ်သွားပေမယ့် ကော့ဘိန်းရွာထဲတပ် စွဲကျန်နေသူတွေလည်းရှိနေတာလို့သိရပါတယ်။

“ဘာမှ ယူလို့မရသေးဘူး၊ တချို့ဝင်သွားကြတာ ရှိတယ်၊ ပိတ်မိနေတဲ့သူတွေကို သွားခေါ်တာပေါ့၊ ပိတ်မိနေတဲ့သူပဲ ရသလောက်ခေါ်ထုတ်နိုင်ခဲ့တယ်၊ ဘာမှတော့ မယူလိုက်ရဘူး” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်း ထိုးဝင် ရာလမ်းတလျှောက်မှာ ဖမ်းဆီးထားတဲ့ ဒေသခံတွေ အားလုံးနီးပါးကို ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပေမယ့် တချို့ကိုတော့မသင်္ကါလို့ဆိုကာ ဖမ်းဆီးထားဆဲပဲလို့သိရပါတယ်။

အဲဒီဖမ်းဆီးထားတဲ့သူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတာနဲ့ ညှင်းပမ်းနှိက်စက်ခံရတာ ရှိ၊ မရှိကိုတော့ ဒေသခံတွေကိုယ်တိုင်မ သိကြရ သေးပါဘူး။

“ဖုန်းလည်း ဆက်မရ၊ အင်တာနက်လဲမရတော့ သူတို့ဘယ်မှာ ခေါ်ထားတာမသိဘူး၊ လူကြီးပိုင်း ယောကျာ်းလေးတွေ အများစုလို့ သိထားတယ်၊ စိုးရိမ်တာပေါ့၊ ရွာထဲဝင်မရတော့ ဘာမှ မသိဘူး”လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

တဖက်မှာလည်း ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန်မှာ နေအိမ်အတွင်းရှိ တန်းဖိုကြီးပစ္စည်းတွေ၊ ကားဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ခိုးယူတာမျိုး လုပ်ဆောင်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကော့ဘိန်း၊ ကော့ပလိုင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူ သုံးထောင်နီးပါး ထွက်ပြေးနေရပြီး တထောင်ကျော်က ကျေးရွာအနီးက တောတောင်ထဲမှာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။

ဒါ့အပြင် တောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေအတွက် လတ်တလောစားသောက်ဖို့ကို မိမိထံပါလာကြတဲ့စားသောက်ဖွယ်ရာတွေကို အချင်းချင်းမျှဝေစားသောက်နေရပြီး သူတို့ဆီ အကူအညီတွေ လာရောက်ထောက်ပံ့ပေးဖို့လည်း အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

“လာလှူချင်တဲ့သူတွေရှိတယ်၊ ဗမာစစ်သားတွေ မပေးသွားဘူး၊ ပိတ်ထားတယ်၊ အကူအညီပေးခွင့်မ ပေးဘူးလေ၊ ခုတော့ ဟိုးအရင်တုန်းက စဖြစ်တဲ့ အချိန်က ဘုန်းကြီးကျောင်းတွေမှာ လာလှူထားတဲ့ ရိက္ခာတချို့တော့ ရှိတယ်၊ အဲဒါနဲ့ပဲ မျှပေးနေ ရတယ်၊ သူတို့မှာပါလာတာ မျှစား၊ ရုတ်တရက် ထွက်လာကြတော့ အများစုက ဘာမှ မပါလာဘူး လေ”လို့ စစ်ရှောင်တွေကို အကူအညီ ပေးနေတဲ့ ဒေသခံ သံဃာတော်တပါးက မိန့်ကြားပါတယ်။