မင်းတပ်က ပြည်သူ့ဆေးရုံကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲလို့ လေးဦးသေဆုံး

ဧပြီ  ၊ ၂၆

ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာရှိ ပြည်သူဆေးရုံကို စစ်တပ်က မနေ့က ည ၈ နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဆေးကုသမှုခံယူနေတဲ့ အရပ်သားလေးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းတော်လှန်ရေးတပ် CDF-Mindat အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို ​လော​လောဆယ် အတည်ပြုဖို့ ခက်​နေ​သေးတယ်” လို့ သူကပြောပါတယ်။

မင်းတပ်မြို့နယ်၊တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံကို စစ်တပ်က တိုက်ပွဲမရှိဘဲ  ဂျက်ဖိုက်တာလေယာဉ်နဲ့ မနေ့က တညလုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုကြောင့် ဆေးရုံ အဆောက်အဦးတခုအပါအဝင် ဝန်ထမ်းလိုင်းခန်းတခုလည်း ရစရာမရှိအောင် ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

“ဝန်ထမ်းအိမ်ရာ​တွေလည်း မီး​လောင်သွားပါတယ်။ အဲဒီက​နေ ​​တောမီးပါဆက် ​လောင်သွားတဲ့ အ​နေအထားပါ ၊ ​ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာက​တော့ ဗုံးကြဲခံရတာ​ကြောင့် ရစရာ မရှိ​လောက်​အောင် ဖြစ်သွားတာပါ “ လို့ CDF-Mindat အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

စစ်တပ်က ဗုံးကြဲခဲ့တဲ့ ဝမ္မသူးဆေးရုံဟာ လက်တလောမှာ မင်းတပ်၊ ကန်ပက်လက် ၊ မတူပီ အပါအဝင် ယော‌ဒေသ နဲ့ ပခုက္ကူ/ မြိုင်/ဒေသ က လူနာတွေကို ဆေးကုသပေးနေတဲ့ နေရာဖြစ်တယ်လို့ သူကဆိုပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုအပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

“စစ်ရှောင်တွေ ရှိပါတယ် ည ၁၂ ကနေ ၁ ဝန်းကျင်အထိ ပတ်ကြဲနေ​လို့ ပြည်သူ​တွေ​တောထဲ ​ပြေးရတာရှိပါတယ်။ မင်းတပ်မြို့နယ် ၊ တိုက်နယ် အမှတ် (၁ /၂ /၃)  ဝန်းကျင်က ​ကျေးရွာ​ တွေမှာရှိတဲ့ ပြည်သူ​တွေ အားလုံးနီးပါး ဖြစ်နိုင်ပါတယ် “ လို့ သူကပြောပါတယ်။

ဧပြီ ၂ရက်နေ့ကလည်း မင်းတပ်မြို့နယ် အောက်ချိုင်ရွာကို စစ်ကောင်စီတပ်က အခုလိုပဲ လေကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

လက်တလောမင်းတပ်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ရခိုင်တပ်တော် AA နဲ့ အတူ ချင်းတော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

Photo –  CDF Mindat