ပါကစ္စတန်မှာ ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုတခု ဖြစ်ပွား


ဧပြီ ၁၉

ပါကစ္စတန် နိုင်ငံမှာ ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုတခု ဖြစ်ပွားခဲ့ပြီး အသေခံ ဗုံးသမား အနည်းဆုံးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၉ ရက်နေ့က ဂျပန်နိုင်ငံသားကို တင်ဆောင်လာတဲ့ ကားတစီးကို ကရာချိ ပြည်နယ်ထဲမှာ အသေခံ ဗုံးသမားတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ်စီး အသေခံ ဗုံးသမား တဦးဟာ နိုင်ငံခြားသားတွေ ပါလာတဲ့ ကားကို ဝင်တိုက်ပြီး ဖောက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် ဂျပန် ၅ ယောက်စလုံး အသက်ဘေးကနေ ကံကောင်းထောက်မစွာ လွတ်မြောက်သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုတော့ အဲဒီ ဂျပန်နိုင်ငံသားတွေကို ဘေးကင်းရာ တနေရာဆီ အရေးပေါ် ရွှေ့ပြောင်းပေးထားပြီး ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေပါတယ်။ အသေခံ ဗုံးဖောက်ခွဲလိုက်တဲ့ အသံအပြင် အဲဒီနား တဝိုက်မှာ သေနတ်သံတွေလည်း ဆူဆူညံညံ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတွေရဲ့ အဆိုအရ ဒုတိယမြောက် အသေခံ ဗုံးသမားကို ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ထားတဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ပစ်ဗုံး တလုံးကိုပါ တွဲချီထားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံတွေဆီကို တင်ပို့ထားကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်မှာတော့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို မကြာခဏ ကြားရလေ့ ရှိပါတယ်။ အခု တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်စစ်သွေးကြွ အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် သတင်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ပစ်မှတ်ထားခံရတဲ့ ဂျပန်တွေဟာ ပါကစ္စတန်ကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ စက်မှုဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းတွေလို့ ဆိုပါတယ်။

ပါကစ္စတန်နဲ့ အိမ်နီးချင်း အာဖဂန် နစ္စတန်တို့မှာ အစွန်းရောက် အစ္စလာမ်မစ် ဝါဒစွဲ စစ်သွေးကြွတွေ ဖြန့်ကျက် လှုပ်ရှားနေပြီး အိုင်အက်စ်နဲ့ အယ်လ်ကိုင်ဒါလို နာမည်ကျော် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ အဆက်အနွှယ်တွေလည်း ရှိနေပါတယ်။

အဲဒီ အစွန်းရောက် အဖွဲ့အစည်းတွေဟာ အစ္စလာမ်မာဘတ် မြို့တော်မှာ အခြေစိုက်တဲ့ ပါကစ္စတန် အစိုးရကို ဖြုတ်ချပြီး အစ္စလာမ်မစ် စည်းမျဉ်းတွေနဲ့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်တဲ့ နိုင်ငံမျိုး ထူထောင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Ref: Reuters