မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှု ပစ်ခတ် ဖြိုခွင်းခံရလို့ အကျဉ်းသားလေးဦးထက်မနည်းသေဆုံး

ဧပြီ ၊ ၁၉

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ မနေ့ကဧပြီလ ၁၈ ရက်နေ့ မှာ ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်ခဲ့လို့ အကျဥ်းသား လေးဦးထက်မနည်း သေဆုံးနိုင်ပြီး ဆယ်ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တဦးကပြောပါတယ်။

“မနေ့က ညနေလောက်မှာ ထောင်ထဲကပစ်ခတ်သံတွေကြားရတယ်။ ဒို့အရေး အော်သံတွေလည်း ကြားရတယ် ညပိုင်းလောက်မှာ ပြန်ငြိမ်သွားတယ်။ ထောင်ထဲကို အရေးပေါ်ကားတွေနဲ့ ထိခိုက်သေဆုံးတဲ့ အကျဉ်းသားတွေကို အပြင်ထုတ်သွားကြတယ်” လို့ သူကပြောပါတယ်။

မနေ့က နေ့လည်၁၂ နာရီလောက်မှာ စတင်ပြီး မြစ်ကြီးနားအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေက လွတ်ငြိမ်ခွင့်နဲ့ပက်သက်ပြီး မျှတမှုမရှိဘူးလို့ဆိုကာ ထောင်တွင်း ဆန္ဒပြမှုတွေ စတင်ပြုလုပ်ခဲ့ကြတာပါ။

အဲဒီနောက် ညနေ ၄ နာရီလောက်မှာ ထောင်အာဏပိုင်တွေက စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ဆန္ဒပြအကျဉ်းသားတွေကို သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အကျဉ်းသားတွေ ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာလို့ အထက်ပါ အကျဉ်းထောင်နဲ့ နီးစပ်သူကပြောပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူတွေပါဝင်ပေမယ့် အရေအတွက်နဲ့ ဘယ်သူဘယ်ဝါတွေဆိုတာ တိတိကျကျ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

“အခုက ထိခိုက်သေဆုံးသူတွေကို မြစ်ကြီးနားဆေးရုံမှာပို့ထားတယ်လို့ ကြားတယ်။ ဆေးရုံဖက်က အတည်ပြုနိုင်မှာပဲ သေဆုံးတဲ့သူတွေ ဘယ်သူ တွေဆိုတာ သိနိုင်တော့မယ်” လို့ သူကဆိုပါတယ်။

အကျဉ်းသားတွေ ထိခိုက်သေဆုံးမှုဖြစ်စဉ်နဲ့ပက်သက်ပြီး စစ်ကောင်စီတပ်က တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။

မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှုကို စစ်သား၊ ရဲနဲ့ အကျဉ်းဦးစီးဌာနက သေနတ်နဲ့ အကြိမ်ရေ မြောက်များစွာ ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်ထားပါတယ်။

“လက်ရှိ ရထားတဲ့ ဒေတာတွေမှန်မမှန်စီစစ်နေတုန်းပါ။ သေဆုံးသွားတဲ့ အရေအတွက်ကိုတော့ တိတိကျကျ ပြောဖို့ ခက်နေသေးတယ်” လို့ အဲဒီအဖွဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောပါတယ်။
စစ်ကောင်စီဟာ ဧပြီလ ၁၆ ရက် နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတဝန်းအကျဉ်းထောင်တွေထဲက အကျဉ်းသားစုစုပေါင်း ၃၃၀၃ဦးကို နောက်တကြိမ်ပြစ်မှုထပ်ကျူးလွန်ရင် ကျန်နေတဲ့ပြစ်ဒဏ်တွေပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့လွတ်ငြိမ်းခွင့်ပေးခဲ့တာပါ။

အဲဒီအထဲမှာ မြစ်ကြီးနား အကျဉ်းထောင်က ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့အတူ ကချင်ပြည်နယ်ရဲ့ NLD အစိုးရလက်ထက်က လဝက ဝန်ကြီးနဲ့ လူမူရေး ဝန်ကြီးတွေနဲ့အတူ အကျဉ်းသား ၄၂ ဦး လွတ်မြောက်ခဲ့ပါတယ်။

ဒါပေမယ့် ပြန်လွတ်လာသူတွေထဲက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်က နာရီပိုင်းအတွင်းပြန်လည် ဖမ်းဆီးခဲ့ပါတယ်။

Photo credit – 7StarsNews