ဂါဇာစစ်ပွဲမှာ နေတန်ယာဟူရဲ့ ချဉ်းကပ်ပုံတွေ မှားယွင်းတယ်လို့ ဘိုင်ဒန် လူသိရှင်ကြား ဝေဖန်

ဧပြီ၊ ၁၀

ဂါဇာ အရေးနဲ့ ပတ်သက်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူရဲ့ ကိုင်တွယ်ပုံတွေ မှားယွင်းနေတယ်လို့ သူယုံကြည်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဒါဟာ အမေရိကန် သမ္မတ အနေနဲ့ မဟာမိတ် အစ္စရေးရဲ့ ဂါဇာထိုးစစ်အပေါ် တိုက်ရိုက်အကျဆုံး ဝေဖန် မှတ်ချက်ပြုလိုက်တာလို့လည်း သတ်မှတ်နိုင်ပါတယ်။

အစောပိုင်းတုန်းကလည်း ဘိုင်ဒန်က အစ္စရေး အနေနဲ့ ဂါဇာတောင်ပိုင်းမှာရှိတဲ့ ရာဖားဟ်မြို့ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မယ်ဆိုရင် အကြီးအကျယ် မှားယွင်းလိမ့်မယ်လို့ သတိပေးခဲ့ဖူးပါတယ်။

ဂါဇာမှာ နေတန်ညာဟူက အမှားအယွင်းတွေ ကျူးလွန်နေတယ်လို့ သူယုံကြည်ကြောင်း၊ နေတန်ညာဟူရဲ့ ချဉ်းကပ်မှု နည်းလမ်းတွေကို သူသဘောမတူနိုင်ကြောင်း ဘိုင်ဒန်က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

သူက ဂါဇာဟာ စစ်မက်ဖြစ်ပွားနေတဲ့တိုင် ရိက္ခာနဲ့ ဆေးဝါးလိုမျိုး လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေကို လာမယ့် သီတင်း ၆ ပတ်ကနေ ၈ ပတ်စာ ကာလအတွက် ဖြည့်တင်းထားခွင့် ရသင့်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အစိုးရဟာ မွတ်ဆလင် ဥပုသ်ကာလအတွင်း ဂါဇာမှာ အပစ်ရပ်ထားနိုင်ရေး ဦးဆောင် ဆွေးနွေးပေးခဲ့ပေမယ်လည်း အထမမြောက်ခဲ့ဘဲ စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ ဘိုင်ဒန်က အမေရိကန်ဟာ ဂါဇာမှာ ရိက္ခာနဲ့ ဆေးဝါးတွေ ပိုမို ကူညီ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားပေမယ့်လည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းက လာမယ့် ရက်ပိုင်းတွေအတွင်း ဒေသတွင်း စစ်ရေး အခြေအနေတွေအပေါ် အများကြီး မူတည်လိမ့်မယ်လို့လည်း သတိပေး ပြောကြားသွားခဲ့ပါတယ်။

 

Ref: CNA