မိုဇမ်ဘစ်မှာ မတန်တဆ လူတင်ထားတဲ့ ကူးတို့ရေယာဉ် နစ်မြုပ်ပြီး ကိုးဆယ်ကျော် သေဆုံး

ဧပြီ၊ ၈

မိုဇမ်ဘစ် နိုင်ငံမှာ လူတွေ မတန်တဆ တင်ထားတဲ့ ကူးတို့ရေယာဉ် တစီး နစ်မြုပ်ခဲ့ရာက လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

 ဧပြီလ ၇ ရက်နေ့က မိုဇမ်ဘစ် မြောက်ပိုင်းက နမ်ပူလာ ဒေသမှာ ကမ်းလွန်ကျွန်း တခုဆီ ဦးတည် ခုတ်မောင်းတဲ့ ကူးတို့ရေယာဉ် နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရေယာဉ်ဟာ ကြံ့ခိုင်မှုပိုင်းအရ စိတ်မချရလောက်အောင် ခနော်နီ ခနော်နဲ့ တည်ဆောက်ထားပြီး လူပေါင်း ၁၃၀ လောက်ကို မဆံ့မပြဲ တင်ဆောင်သွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရေယာဉ်က ကြံ့ခိုင်မှုပိုင်း အားနည်းလွန်းသလို ခရီးသည်တွေ တင်ဆောင်ဖို့ သင့်တော်တဲ့ အခြေအနေလည်း မဟုတ်ခဲ့ကြောင်း၊ မနိုင်ဝန် ထမ်းရတဲ့ အနေအထားမှာ အခုလို နစ်မြုပ်သွားခဲ့တာဖြစ်ကြောင်း နမ်ပူလာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ ဂျိုင်မီနက်တိုက ပြောပါတယ်။

သေဆုံးသူ ၉၄ ဦး စာရင်းရထားပြီး ပျောက်ဆုံးနေသူ ၂၆ ဦးထက်မနည်းရှိကြောင်း၊ အသေအပျောက် စာရင်းထဲမှာ ကလေးငယ် အများအပြား ပါဝင်ကြောင်းလည်း သူက ဆိုပါတယ်။ 

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ၂၄ နာရီအတွင်း အသက်ရှင်သူ ၅ ဦးကိုသာ ရှာတွေ့ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပေမယ့် ပင်လယ်ပြင်နဲ့ ရာသီဥတု အခြေအနေတွေကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

မိုဇမ်ဘစ် နိုင်ငံမှာ ကာလဝမ်းရောဂါ ဆိုးဆိုးရွားရွား ပျံ့နှံ့နေကြောင်း ကောလာဟလ သတင်းမှားတွေကြောင့် ပြည်မကို ယာယီ စွန့်ခွာဖို့ ကြိုးစားတဲ့ ခရီးသည်တွေက အခုလို အဖြစ်ဆိုး ကြုံခဲ့တာလို့လည်း သိရပါတယ်။

အာဖရိကတောင်ပိုင်း ဒေသတွင်းက နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းထဲမှာ ပါဝင်ပြီး အောက်တိုဘာလတုန်းက ဝမ်းရောဂါကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ပါတယ်။ နမ်ပူလာဟာ ရောဂါဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ ဒေသဖြစ်ပြီး ကူးစက်လူနာ ၁၅၀၀၀ လောက်ရှိတဲ့ထဲက သုံးပုံတပုံဟာ အဲဒီဒေသကပါ။

လောလောဆယ်တော့ ကူးတို့ရေယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အသေးစိတ် စုံစမ်းမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း နက်တိုက ပြောကြားသွားပါတယ်။

 

Ref: Guardian