ရခိုင်စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုကြုံတွေ့နေရပြီး ရေမသန့်လို့ နာမကျန်းဖြစ်သူတွေ ရှိလာ

ဧပြီ၊ ၇
 
စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းခွဲကျော်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေကြရပြီဖြစ်ပြီး တချို့စစ်ရှောင်စခန်းတွေမှာ ရေမသန့်လို့ အရေပြားနဲ့ ဝမ်းရောဂါဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။
 
စစ်ဘေးရှောင်တွေအများစု ရှိနေတဲ့ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တို့မှာ ရေရှားပါးမှုနဲ့ စကြုံနေကြရတာလို့ ဆိုပါတယ်။
 
“အရင်တုန်းကတော့ ကိုယ့်ရွာနဲ့ ကိုယ့်(ရေ)ကန်နဲ့က ကွက်တိဖြစ်ပြီးသားပါ၊ ဒီနှစ်က ဘယ်လိုဖြစ်လဲဆိုတော့ စစ်ဘေးရှောင်တွေတိုးလာတော့ အဆင်မပြေတော့တာ၊ အပူချိန်လည်း ပိုပြင်းလာတယ်လေ”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတဦးကပြောပါတယ်။
 
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ရွာတိုင်းနီးပါးမှာ ရေရှားပါးမှုနဲ့ ကြုံနေရတာဖြစ်ပြီး အခုအခါ ရေကို ခွဲတမ်းနဲ့သာ ခပ်ယူ၊ သုံးစွဲနေကြရတယ်လို့ ပြောကြပါတယ်။
 
“အစပိုင်းမှာတော့ ရေကို လိုသလောက်ခပ်ခွင့်ပေးတယ်၊ အခု ရေရှားလာတော့ ခွဲတမ်းနဲ့ပဲ ပေးနေတော့တာပေ့ါ၊ တအိမ်ကို တလုံးနှစ်လုံးပဲ ခပ်ရတော့ ချက်ပြုတ်ဖို့ကလည်း မလောက်ငှဘူး၊ လောက်ငှအောင် မသုံးရဘူး”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
 
အဲဒီရေအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အဝီစီတွင်းတွေ တူးပေးဖို့ စီစဉ်နေပြီး အကူအညီတွေလိုအပ်နေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ဆိုပါတယ်။
 
“တရက်တရက်မှာ ရွာတရွာကို ရေတစီးလှူလို့ တယောက် ရေတလုံးရလို့လည်း သိပ်အဆင်မပြေလောက်ဘူးလေ၊ အဝီစီတွင်းတူးပေးဖို့ စဉ်းစားထားတာရှိတယ်”လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ဘေးရှောင်တွေ နေထိုင်ရာဒေသတွေမှာ ရေရှားပါးတာအပြင် ကန်ရေတွေ မသန့်တာ၊ အပူရှိန်ပြင်းလွန်းတာတို့ကြောင့် အရေပြားရောဂါ(ယားနာ) ပေါက်သူတွေနဲ့ ဝမ်းရောဂါဖြစ်သူအချို့လည်း စတွေ့လာရတယ်လို့ ပြောကြပါတယ်။
 
“ကလေးတွေ ယားနာပေါက်ကြတယ်၊ ရေမသန့်လို့ဖြစ်တာထင်ပါတယ်၊ ဝမ်းသွားတဲ့သူတွေလည်း ရှိတယ်၊ အများကြီးတော့ မဟုတ်ဘူး၊ ဆေးတွေ ဝါးတွေလည်း တော်တော်ရှားတော့ အခက်အခဲပါ၊ ဓါတ်ဆားထုတ်တွေလည်း ရှာလို့ မရဘူး”လို့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
 
အခုနှစ်မှာ အယ်လ်နီညိုရဲ့သက်ရောက်မှုကြောင့် အပူချိန်တွေပိုတိုးလာနေပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဓါတ်ဆားအပါအဝင် ဆေးဝါးတွေကူညီပေးကြဖို့လိုအပ်တယ်လို့ ဒေသတွင်းစစ်ရှောင်အရေးကူညီပေးနေသူတွေက နိုင်ငံတကာကူညီရေးအဖွဲ့တွေကို ထောက်ပြ၊ တောင်းဆိုကြပါတယ်။
 
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းဝန်းကျင်တိုးလာခဲ့ပြီး ယခင်စစ်ရှောင်တွေနဲ့ပေါင်းရင် သုံးသိန်းခွဲကျော်အထိ ရှိနေတာပါ။
 
အဲဒီစစ်ရှောင်တွေဟာ နီးစပ်ရာ ကျေးရွာတွေရဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်တွေနဲ့ ကားလမ်း၊ မြစ်ကမ်းဘေးတို့တလျှောက်မှာ တာလပတ်၊ ကောက်ရိုးတဲတွေထိုးကာ ယာယီ ခိုလှုံနေထိုင်နေကြရတာဖြစ်ပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းမှာ နွေရာသီရောက်တိုင်း ရေရှားမှုနဲ့ ကြုံခဲ့ရပေမယ့် အခုနှစ်မှာတော့ စစ်ဘေးရှောင်တွေ ရေအတွက်ပိုတိုးလာတာကြောင့် အခက်အခဲ ပိုကြုံကြရတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းက သုံးသိန်းခွဲကျော်သော စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့ကို လုံး၀နီးပါးမရကြဘဲ ပုဂ္ဂလိကအလှူရှင်တွေနဲ့ ဒေသတွင်းအရပ်ဖက်အဖွဲ့တွေရဲ့ အထောက်အပံ့ကိုသာ အားထားနေကြရတာလို့ ဆိုပါတယ်။
 
“မြင်ရတာ တော်တော်စိတ်မချမ်းသာစရာတွေပါ၊ ချက်စရာဆန်မရှိလို့ (စစ်ရှောင်)ကလေးတွေ ထမင်းပုံမှန်မစားရတဲ့သူတွေ ရှိနေတယ်၊ လမ်းဘေးမှာ တဲလေးထိုးနေကြတာ တွေ့ခဲ့တယ်၊ ဒီလောက် ရာသီပြင်းတာမှာ နေမလုံ၊ မိုးမလုံနဲ့လေ”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက သူတွေ့ခဲ့ရတဲ့ စစ်ရှောင်တွေရဲ့အခြေအနေကို ပြောပြပါတယ်။
 
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၁၃ ရက်ကနေ တကျော့ပြန်တိုက်ပွဲတွေ ပြန်စခဲ့ပြီး တိုက်ပွဲကာလ ငါးလနီးပါးအတွင်း မြို့နယ်ရှစ်ခုကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
 
ဓာတ်ပုံ – Social Media/DMG