ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအတွင်း ရုရှား စစ်လေယာဉ် ခြောက်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းပြော

ဧပြီ ၊ ၆

မဟာဗျူဟာမြောက် ဒရုန်းစစ်ဆင်ရေး တခုအတွင်းမှာ ရုရှား စစ်လေယာဉ် ၆ စီးထက်မနည်းကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။

အခုသီတင်းပတ်ကုန်မှာ ရော့စတော့ဗ် ဒေသထဲမှာရှိတဲ့ လေတပ်စခန်း တခုကို ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းက ပြောပါတယ်။

ယူကရိန်း စစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှားရဲ့ စစ်လေယာဉ် ၆ စီး လုံးဝဥဿုံ ပျက်စီးခဲ့ပြီး နောက်ထပ် ၈ စီးလောက်လည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကြောင်း၊ စစ်မှုထမ်း ၂၀ ဝန်းကျင်လောက် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ အဆိုကို အတည်ပြုနိုင်ဖို့တော့ ခိုင်မာတဲ့ အထောက်အထားမျိုး မရှိသေးပါဘူး။ ယူကရိန်းက ရည်ညွှန်းတဲ့ မော်ရိုဇော့ဗ်ခ် လေတပ်စခန်းမှာ ရုရှားက SU-27နဲ့ SU-34 တိုက်လေယာဉ်တွေကို အဓိက အခြေစိုက်ထားပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း ပိုင်နက်နဲ့ ထိစပ်နေတဲ့ အဲဒီဒေသကို ဒရုန်းအစင်း ၄၀ လောက်နဲ့ စုပြုံတိုက်ခိုက်တာ ကြုံခဲ့ကြောင်း အတည်ပြုပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ရန်သူ့ဒရုန်းတွေဟာ ဆာရာတော့ဗ်၊ ကာ့စ်ခ်၊ ဘယ်လ်ဂိုရော့ဒ်နဲ့ ခရက်စ်နိုဒါ ဒေသတွေကိုပါ ပစ်မှတ်ထားခဲ့ကြောင်း၊ ဒရုန်းအားလုံးကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားဖက်က ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဟာ ရုရှားရဲ့ စစ်ဘက်နဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ပစ်မှတ်တွေကို ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေ ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာပါတယ်။ 

ယူကရိန်း စစ်တပ်ဟာ အနောက်နိုင်ငံတွေရဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှု အရှိန်လျော့လာခြင်းကြောင့် အကျပ်ရိုက်နေပေမယ့် ဒီနှစ်ထဲမှာတင် ဒရုန်းအစင်းရေ သန်းဂဏန်းလောက်ထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

Ref: BBC