တရွာလုံးနီးပါးမီးလောင်ထားတဲ့ ဓမ္မသရွာထဲ လက်နက်ကြီး လေကြောင်းပစ်ခတ်လို့ တဦးသေ၊ နှစ်ဦး ဒဏ်ရာရ

မတ်၊ ၂၉

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို မနေ့က မတ်လ ၂၈ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံ မှ သိရပါတယ်။

ရွာနားမှာ ရှောင်နေတဲ့ အမျိုးသမီးက လေကြောင်းကနေပစ်လို့ ထိတာ၊ တယောက်က မနက်ပိုင်း လက်နက် ကြီးထိတဲ့ အမျိုးသားက ဆေးရုံမှာ ဆုံးသွားတယ်။ နောက်တယောက်က မီးငြိမ်းသတ်နေတုန်း လက်နက်ကြီး ပဲပေါ့ ထိတာ လို့ ဓမ္မသကျေးရွာခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၅၀ နှစ်အရွယ်ဖြစ်ပြီး မတ်လ ၂၈ ရက် မနက် ၅ နာရီခွဲခန့်က ဓမ္မသကျေး ရွာအနီး ခြံမှာ မိသားစုနဲ့အတူ စစ်ရှောင်နေရင်း ဂျိုင်းမြစ် စစ်သင်္ဘောကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ခန္ဓကိုယ်အနှံ့မှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့အမျိုးသားက အရေးပေါ်ဆေးကုသမှုခံယူဖို့ မော်လမြိုင်ဆေးရုံကို သွားတဲ့ရွာအထွက်လမ်းမှာ  စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် ဓမ္မသကျေးရွာတဖက်ကမ်း ကော့လမု ကျေးရွာကနေတဆင့် ပို့ဆောင်ပေးပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အလားတူ ညနေလေးနာရီခန့်မှာ စစ်ဘေးရှောင်နေတဲ့ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတဦးက အလေးသွားဖို့ လယ်ကွက်ဘက်ကို ထွက်သွားချိန် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်မောင်းမှာ ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာပဲ ဓမ္မသကျေးရွာမှာ မီးလောင်ကျွမ်းနေတဲ့နေအိမ်ကို မီးငြိမ်းသတ်ပေးနေချိန်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့လို့ အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသားတဦးက ကျည်စထိမှန်ဒဏ် ရာ တွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေကို ကျေးရွာရှိ ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ ဆေးသမှု ခံယူနေပြီး အသက် အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။

အခုက ရှောင်နေတဲ့နေရာဘက်ကို သူတို့ပစ်နေကြတာ၊ တနေ့လုံးပဲ ပစ်တာက ပစ်လိုက်နားလိုက်ပေါ့၊ ဒီနေ့ တော့ လေယာဉ်မလာဘူး၊ လက်နက်ကြီးတော့ ခဏတလုံးပဲ ပစ်နေတာ၊ ဒဏ်ရာရတဲ့သူတွေတော့ ဒီဘက်က ဆရာဝန်တွေပဲနဲ့ အဆင်ပြေသလို ကုနေရတယ် လို့ အဲဒီဒေသခံက ပြောပါတယ်။

အိမ်ခြေပေါင်းတထောင်နီးပါးရှိတဲ့ ဓမ္မသကျေးရွာမှာ လူဦးရေငါးထောင်ကျော်ရှိပြီး စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးဆုံးရှုံးသွားပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်လာမဲ့ သတင်းတွေ ကြောင့် ဒေသခံအားလုံးနီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဗမာစစ်သားတွေ ရွာထဲဝင်လာမယ်၊ ဒီနားမှာ ရှောင်နေတဲ့သူတွေရော ရွာမှာ ကျန်နေတဲ့လူတွေရော အခု ကမ်းနီဘက်တို့ ရှောင်နေကြပြီး တခြားဘက်ရှောင်တာရောပဲ၊ တရက်ပဲ အချိန်ရမယ်လို့ ပြောတယ် လို့ နောက်ထပ် ဓမ္မသရွာခံတဦးက ပြော ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၅ ရက်နေ့မှာ တော်လှန်ရေးပူး ပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာသလို ရေကြောင်းလေကြောင်းကနေလည်း နေ့စဉ်နဲ့အမျှ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ဒီလိုမျိုးတိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာချင်းနီးစပ်တွေ ဖြစ်ကြတဲ့ ကော့ဘိန်း၊ တရနာ၊ ကော့သပ်၊ ကော့ပေါက်၊ ဓမ္မသ၊ ဘုရားကြီး၊ ကော့ပလိုင်း အစရှိတဲ့ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ သောင်းချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့အကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားနှစ်ဦးသေဆုံးကာ ကလေးအပါအဝင် ဆယ်ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကူအညီပေးနေသူ တွေက ဆိုပါတယ်။

လက်ရှိ ထွက်ပြေးတိမ်ရှောင်နေရတဲ့ ပြည်သူတွေကို လတ်တလော စားသောက်ဖို့အတွက် ဒေသတွင်း အလှူရှင်တွေနဲ့ သံဃာတော်တွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးထားပေမဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးတိမ်ရှောင်နေကြတဲ့ ပြည်သူတွေကို တခြားနယ်အသီးသီးမှ လာရောက်ကူညီထောက်ပံ့ခွင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင်က ပိတ်ပင်ထားတဲ့အတွက် စားနပ်ရိက္ခာအခက်အခဲ ပိုမို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်