မတ်၊ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ဘေးပတ်ပတ်လည်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာနေတဲ့အတွက် ပြည်သူတွေနေရပ်မပြန်လာကြရဲသေးဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါ တယ်။
စခန်းကိုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကော့ဘိန်းကျေးရွာအနောက်ဘက် ဆယ်မိုင် ကျော်အကွာ ခရုံဂူလမ်းဝဘက်ကနေ တရနာကျေးရွာနဲ့ ကော့သပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက် လာသလို အရှေ့မြောက်ဘက်လေးမိုင်ခန့်အကွာကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာ နေတာဖြစ်တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ဆိုပါတယ်။
လက်ရှိ ကော့ဘိန်းကျေးရွာထဲမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ် ဆောင်နေသလို စစ်ကောင်စီတပ်ဖွဲ့တွေက တရနာကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲနေထိုင်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေက နေရပ်ကို မပြန်ကြရဲတာ ဖြစ်တယ်လို့ တရနာကျေးရွာဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
စစ်သားတွေ ရှိနေတယ်၊ ရွာထဲမှာပဲ လေးဆယ်ငါးဆယ်လောက်ရှိတယ်၊ ရွာသားတွေကိုတော့ ရန်မရှာသေးဘူး ၊ လက်နက်ကြီးတွေလည်း ပစ်နေတာဆိုတော့ မပြန်ရဲကြတာ၊ လေယာဉ်ကလည်း ခဏခဏဝဲနေတာ၊ ဂျိုင်းမြစ် ကနေလည်း စစ်သင်္ဘောနဲ့ ပစ်တာရှိတယ်လေ လို့ သူက ပြောပါတယ်။
ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လို့မရသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကတော့ ရေကြောင်းလေကြောင်း ကနေပစ်ခတ်မှုတွေ ပြုလုပ်နေသလို လက်နက်ကြီး ပစ်ခတ်မှုတွေလည်း အဆက်မပြတ်ပြုလုပ်နေတာပါ။
အင်အားတော်တော်ဖြည့်ထားတာ ဒီခရုံဂူဘက်ကနေလည်း ပိတ်ထားတယ်၊ ဇာသပြင်ဘက်ကနေလည်း ပိတ်ထားတာ၊ ဒီကောင်တွေ ရွာထဲဝင်ဖို့ ကြိုးစားနေတာ ပူးပေါင်းအဖွဲ့ဘက်ကလည်း အဖက်ဖက်ကနေ ပိတ်ဆို့ ထားတာ ဝင်မရသေးဘူး လို့ ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးက DNA ကို ပြောပါတယ်။
ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနယ် မြေရဲစခန်းကို မတ်လ ၂၄ ရက် မနက် ၈ နာရီခန့်မှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး တရက်အကြာမှာ စခန်းမှာ ရှိတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ တွေဘက်က အလံဖြူထောင်ကာ လက်နက်ချခဲ့တာကြောင့် စခန်းကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ကော့ဘိန်း၊ တရနာ၊ ကော့သပ်၊ ကော့ပေါက်၊ ဓမ္မသ၊ ဘုရားကြီး၊ ကော့ပလိုင်း အစရှိတဲ့ ကျေးရွာ ဒေသခံပြည်သူ ငါးထောင်နီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပေမဲ့ တချို့နေအိမ်တွေမှာတော့ အိမ်စောင့်သဘော မျိုးကျန်နေတာ ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုမျိုးထွက်ပြေးတိမ်းရှောင်နေကြတဲ့ပြည်သူတွေအတွက် ဒေသတွင်းအလှူရှင်တွေ၊ သံဃာတော်တွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပေမယ့် နေထိုင်စားသောက်ဖို့ အကူအညီ လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါ တယ်။
တိုက်ပွဲကြောင့် အရပ်သားတဦးသေဆုံးကာ ခြောက်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းတော်ကြီး ကျောင်းအပါအဝင် နေအိမ်အဆောက်အဦအမြောက်အများ ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ(NMSP)သထုံခရိုင်ဌာနချုပ်နဲ့ မိုင်ဝက်အကွာမှာ ရှိတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ဦးခန့်တပ်စွဲထားပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်မှ လေးဦးကျဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက် ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးနဲ့ မိသားစုဝင် ၁၈ ဦးတို့ကို စစ်သုံ့ပန်းဥပဒေနဲ့ အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတာလောက်ရှိတယ်၊ ထိတွေ့မှုက မဖြစ်သေးဘူး၊ သူတို့(စစ်တပ်)အယောင်ပြနေရာယူတာ ရှိနေတယ်၊ မဟာမိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး ကာကွယ်ရေးလုပ်နေတယ်၊ နယ်ကျော်လာရင်တော့ ပစ်မှာပေါ့ လို့ မွန်ပြည်လွတ်မြောက် ရေးတပ်တော်(M.L.A)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
Photo. ဂဠုန်စစ်ကြောင်း/Social Media