မတ် ၊ ၂၇
ဂျပန်နိုင်ငံမှာ စက်လှေကားထဲ ဂျာကင်ညပ်သွားရာက လူတဦး မတော်တဆ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံ အရှေ့ပိုင်၊ အီဘာရာကီ ဒေသက ရထားဘူတာ တခုမှာ တပ်ဆင်ထားတဲ့ စက်လှေကားထဲ ဂျာကင် ညပ်မိရာက အသက် ၇၂ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာလို့ ရဲတွေက မတ်လ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အီဘာရာကီမှာရှိတဲ့ ဟီတာချီမြို့မှာ နေထိုင်တဲ့ မာမိုရူ ဆူဇူကီးဟာ မတ်လ ၂၆ ရက်နေ့ ညပိုင်းက စက်လှေကားစီးရင်း ဂျာကင်နဲ့ ညပ်မိတာကြောင့် အရှိန်နဲ့ ပစ်လဲခဲ့ပါတယ်။ သူ့ရဲ့ ဂျာကင်ဟာ စက်လှေကားရဲ့ ရွေ့လျား လက်ရန်းထဲမှာ ညပ်နေခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဦးခေါင်းနဲ့ ကျောကုန်းမှာ ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ပေမယ့် ကယ်ဆယ်ရေးတွေ ရောက်လာတဲ့ အချိန်ထိ သတိရှိနေဆဲလို့ ဆိုပါတယ်။ ဆူဇူကီးကို ဆေးရုံတင်ပို့ချိန်မှာတော့ သတိလစ်သွားခဲ့ပြီး အဲဒီနောက် ဆေးရုံအရောက်မှာ သူသေဆုံးနေပြီ ဆိုတာကို ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။
ဆူဇူကီးရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုး ဟုတ်မဟုတ် ဆိုတာကို ရဲတပ်ဖွဲ့က ဘူတာရုံမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေတဆင့် ပြန်လည် စစ်ဆေးနေဆဲလို့လည်း သိရပါတယ်။
Ref: Japan Times