မတ်၊ ၂၆
ဂါဇာကမ်းမြှောင် ဒေသမှာ လက်ကျန် ရာမာဒန် ဥပုသ်ကာလတလျှောက် အပစ်အခတ် ရပ်ဆိုင်းထားဖို့ အဆိုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မဲပေး အတည်ပြုခဲ့ပါတယ်။
အစ္စရေးရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံး ဟန့်တားခြင်း မရှိဘဲ ကြားနေခဲ့တာကြောင့်လည်း ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ မရှိဆိုတဲ့ အခြေအနေနဲ့ အဆို အထမြောက်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။
အစ္စရေးကတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အသိအမှတ် ပြုမှာ မဟုတ်ကြောင်း တုံ့ပြန်ထားပြီး အဆိုမှာ ပါဝင်တဲ့ အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းရေးဆိုတဲ့ ကိစ္စမျိုးဟာ လက်ရှိ ဆင်နွှဲထားတဲ့ စစ်ဆင်ရေးတွေကို ထိခိုက်စေတဲ့အပြင် ဓားစာခံတွေ ပြန်လွတ်မြောက်ရေး ရည်မှန်းချက်ကိုပါ နစ်နာစေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူဟာ အဆိုမဲခွဲမှုမှာ အမေရိကန်ရဲ့ ကြားနေခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ အနေနဲ့ ဂါဇာစစ်ပွဲ အနာဂတ် အစီအမံတွေ ဆွေးနွေးရေးကိစ္စ အမေရိကန်ဆီ အစ္စရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့် အစီအစဉ်ကိုပါ ရုပ်သိမ်းခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး မီလာကတော့ နေတန်ယာဟူရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိပြီး ကံမကောင်း အကြောင်းမလှသလို ခံစားမိတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
လေ့လာသူတွေကတော့ အစ္စရေး စိတ်ကြိုက်မဟုတ်တဲ့ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဗီတိုအာဏာသုံး မဟန့်တားဘဲ အမေရိကန်က ကြားနေခဲ့တယ် ဆိုတာဟာ မဟာမိတ် နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတာကို ထင်ဟပ်စေတယ်လို့ သုံးသပ်ကြပါတယ်။
အမေရိကန်ဟာ ဂါဇာတောင်ပိုင်းက ရာဖာဟ်မြို့ကို ထိုးစစ်ဆင်ဖို့ ပြင်နေတဲ့ အစ္စရေးရဲ့ အစီအစဉ်တွေကို အစဉ်တစိုက် ကန့်ကွက်နေပြီး အစ္စရေးကတော့ ရှေ့ဆက်တိုးဖို့ လိုလားနေခြင်းက နှစ်ဖက် ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိလာစေခဲ့ပါတယ်။
နေတန်ယာဟူက အမေရိကန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့်ကိစ္စ ပျက်ပြယ်သွားပေမယ့် လောလောဆယ် အမေရိကန်ကို ရောက်နေတဲ့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုအက်ဗ် ဂယ်လန့်ရဲ့ ခရီးစဉ်ကတော့ ပုံမှန်အတိုင်း ဆက်ရှိနေပါတယ်။ ဂယ်လန့်ဟာ အမေရိကန်ကို ရောက်နေစဉ် အတောအတွင်း နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်၊ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်၊ အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန်တို့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
Ref: AFP