မတ်၊ ၂၅
နှစ်နိုင်ငံ ခေါင်းဆောင်ချင်း တွေ့ဆုံ ဆွေးနွေးဖို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ကမ်းလှမ်းခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က ဂျပန်ဖက်က အဆိုပြုတဲ့ ထိပ်သီး တွေ့ဆုံပွဲ အကြောင်းကို မတ်လ ၂၅ ရက်မှာ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ နှစ် ၂၀ လောက်အတွင်း ပထမဆုံးအကြိမ် နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးမျိုး အမှန်တကယ် အထမြောက်စေချင်ရင် ဂျပန်ဖက်က အားကောင်းတဲ့ စိတ်အားထက်သန်မှုတွေ ပြသဖို့တော့ လိုမယ်လို့လည်း ယိုဂျောင်က ပြောပါတယ်။
ဂျပန် အစိုးရကတော့ မြောက်ကိုရီးယားရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး လောလောဆယ် ဘာအတည်ပြုချက်မှ မပေးသေးပါဘူး။ ယိုဂျောင်က ကီရှီဒါဟာ ခေါင်းဆောင်ကြီး ကင်နဲ့ တွေ့ဆုံစကားပြောဖို့ ဆန္ဒရှိတယ် ဆိုတာကို အတိအကျ မဖော်ပြတဲ့ လမ်းကြောင်း တခုကနေ ဆက်သွယ် ကမ်းလှမ်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ ဩဇာအကြီးမားဆုံး အမျိုးသမီးလို့ သတ်မှတ်ခံထားရသူ ယိုဂျောင်က တကယ်လို့ ဂျပန်အစိုးရဟာ အတိတ် ဆယ်စုနှစ်တွေတုန်းက ဂျပန် နိုင်ငံသားတွေ မြောက်ကိုရီးယားဆီ ပြန်ပေးဆွဲ ခံရတယ်ဆိုတဲ့ သဘောထားကို ကီရှီဒါရဲ့ အစိုးရက ဆုပ်ကိုင်ထားသ၍၊ မြောက်ကိုရီးယားက အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုရဲ့ အခွင့်အရေးတွေနဲ့အညီ လက်နက် စမ်းသပ်နေတာဆိုတဲ့ သဘောထားမျိုးကို လက်မခံသ၍ ဂျပန်-မြောက်ကိုရီးယား ဆက်ဆံရေးမှာ ထင်ရှားမြင်သာတဲ့ အချိုးအကွေ့တွေ ရှိလာဦးမှာ မဟုတ်ဘူးလို့ ယိုဂျောင်က ထည့်သွင်း သတိပေးသွားပါတယ်။
ခေါင်းဆောင်ကြီး ကင်ရဲ့ အနီးကပ် လက်ရုံးတဦးအဖြစ် သတ်မှတ်ခံရသူ ယိုဂျောင်ဟာ မြောက်ကိုရီးယား အနေနဲ့ ဂျပန်နဲ့ နှစ်ဖက် ဆက်ဆံရေး မြှင့်တင်ဖို့ လမ်းဖွင့်ပေးထားကြောင်း ဖေဖော်ဝါရီလက မှတ်ချက် ပေးခဲ့ဖူးပြီး ကီရှီဒါကိုတောင် ပြုံယမ်းမြို့တော်ဆီ ဖိတ်ခေါ်လိုတဲ့ အဓိပ္ပါယ်မျိုး ကမ်းလှမ်းခဲ့ဖူးပါတယ်။
အမေရိကန်ရဲ့ တခြားဒေသတွင်း မဟာမိတ် နိုင်ငံတခုဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ပတ်သက်ရင်တော့ မြောက်ကိုရီးယားဟာ ပိုမိုတင်းမာတဲ့ သဘောထားမျိုးတွေ ပြသနေပြီး တောင်ပိုင်းက ပြိုင်ဘက်နိုင်ငံကို ရန်သူအဖြစ် အတိအလင်း သတ်မှတ်ကြောင်း ကြေညာချက်ကို မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
Ref: AP