လောင်းလုံး ထွေအုပ်ဝန်ထမ်းနှစ်ဦးကို တော်လှန်ရေးတပ် ဖမ်းဆီး

မတ်၊ ၂၄
 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှစ်ဦးကို စစ်ဆေးစရာ ရှိတဲ့အတွက် ဖမ်းဆီးထားတယ်လို့ ​ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
 
“လက်ရှိ စစ်မှုထမ်းဥပဒေအတွက် ရပ်/ကျေးအဆင့် အကောင်ထည်ဖော်ရာမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး သတင်းရလို့ ခဏထိန်းသိမ်းထားတာပါ၊ ကျနော်တို့ စစ်ဆေးနေတုန်းရှိပါတယ်” လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
အဖမ်းခံရသူ နှစ်ဦးကတော့ လောင်းလုံး ထွေအုပ်ရုံးက ဌာနခွဲစာရေးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ငြိမ်းငြိမ်းသက်နဲ့ ရပ်/ကျေး တာဝန်ခံ အသက် ၅၀ ဝန်းကျင် ဒေါ်စောကြူတို့ ဖြစ်ကြပါတယ်။
 
ဒေါ်ငြိမ်းငြိမ်းသက်ကိုတော့ လောင်းလုံး-ထားဝယ် လမ်းပိုင်းတနေရာမှာ ဘုန်းကြီးကားနဲ့ လိုက်ပါလာတဲ့အချိန် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒေါ်စောကြူကိုတော့ လောင်းလုံးမြို့နဲ့ ကပ်လျက်ရှိတဲ့ သူနေထိုင်ရာ ပြင်းထိန်ရွာက နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
 
“နှစ်ယောက်စလုံးကတော့ အိမ်ကနေ အလုပ်လုပ်နေကြတာ၊ ရုံးမသွားကြရတော့ဘူး၊ သူတို့ ရုံးက ထားဝယ်ပြောင်းဖို့ပြင်ဆင်နေတာ၊ ရာထူးကြီးတဲ့ ဦးစီးတို့၊ ဒုဦးစီးတို့ဆို ထားဝယ်ရောက်ကုန်ကြပြီ” လို့လည်း နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ထွေအုပ်ရုံးအပါအဝင် လောင်းလုံးမြို့ပေါ်က ဌာနဆိုင်ရာရုံးတချို့ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ ထားဝယ်မြို့ပေါ်ကို ပြောင်းရွှေ့ကုန်ကြပြီလို့ သိရပါတယ်။
 
အခုလို ဖမ်းဆီးထားတဲ့ ဝန်ထမ်းနှစ်ဦးကို ဘယ်လိုအရေးယူမှုတွေ လုပ်မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။
 
“အရေးယူမှု ဘယ်လိုလုပ်မလဲဆိုတာကတော့ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ရာမှာ သူတို့အနေနဲ့ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နေလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်” လို့လည်း နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
လောင်းလုံးမြို့နယ်အတွင်းမှာတော့ စစ်မှုထမ်းဥပဒေအတွက် လူဦးရေးစာရင်းကောက်ယူတာတွေကို လောင်းလုံးမြို့ပေါ်မှာပဲ လုပ်နိုင်တဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီတပ်က နယ်မြေမထိန်းချုပ်နိုင်တဲ့အတွက် ကျေးရွာအများစုမှာတော့ အဲလို စာရင်းကောက်တာမျိုး မလုပ်နိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် တရားရုံးက အကြီးတန်းစာရေးမနဲ့ ယာဥ်မောင်းဖြစ်သူတို့ နှစ်ဦးကို ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ နွေဦးပြောက်ကျားတပ်ဖွဲ့က ဖမ်းမိခဲ့ပေမယ့် စာရွက်စာတမ်းတွေကိုသာ သိမ်းဆည်းပြီး နှစ်ယောက်စလုံးက ပြန်လွှတ်ပေးခဲ့ပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ