ငရုတ်ကောင်းမြို့မှာ ခိုးဝင်ဘင်္ဂါလီ အယောက် (၃၀) ဖမ်းမိ

၂၇ ၊ စက်တင်ဘာ ၊ ၂၀၁၉

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ ယမန်နေ့ည ၉နာရီခန့်က ခိုးဝင် ဘင်္ဂါလီအယောက် (၃၀)ကို ဖမ်းမိခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဆီ ကနေသိရပါတယ်။ ခိုးဝင်ဘင်္ဂါလီတွေကို သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းအရ ပူးပေါင်းအဖွဲ့ဟာ ငရုတ်ကောင်းမြို့၊ ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၁ နားမှာ ကားတွေ ဆိုင်ကယ်တွေကိုရပ်တန့် စစ်ဆေးခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ YGN-7D/6809 ပါဂျယ်ရိုးကားကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာမှာတော့ ယာဉ်မောင်းဟာ ကားတံခါးကိုတွန်းဖွင့်ပြီး ကားလမ်းဘေးခြုံတောထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီကားထဲမှာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂါလီအယောက် (၃၀)ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှုးကြီးထွန်းရွှေကပြောပါတယ်။

“ဘင်္ဂါလီ ကျား(၉) ယောက်၊ မ (၂၀) ၊ ကျားကလေး(၁)ယောက် အကုန်(၃၀)ပေါ့ ယာဉ်မောင်းကတော့ ခုထိ ထွက်ပြေးနေတုန်းပါ။”လို့ သူက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ အယောက် (၃၀)ကို ငရုတ်ကောင်းမြို့မစခန်းမှာ ထိန်းသိမ်းစစ်ဆေး နေပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ယာဉ်မောင်းကိုတော့ ဖမ်းဆီးရမိဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ငပုတောမြို့နယ်တွေက ကမ်းခြေဒေသတွေဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတာကြောင့် ခိုးဝင်ဘင်္ဂါလီ ဝင်ရောက်မှုဖြစ်စဉ်တွေ  ရှိနေပါတယ်။ ခိုးဝင်လာသူတွေကို ရန်ကုန်မြို့ဆီအရောက်ပို့ဆောင်ပေးနေတဲ့ ပွဲစားတချို့ကိုလည်း ဖမ်းမိတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။