ကန့်ဘလူနဲ့ ကျွန်းလှမှာ တနှစ်အတွင်း နေအိမ်နှစ်ထောင်နီးပါး မီးရှို့ခံရ

မတ်၊ ၂၄
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တာကာလအတွင်း နေအိမ်ပေါင်း နှစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့အချက်အလက်တွေအရ သိရပါတယ်။
 
ကန့်ဘလူမြို့နယ်အတွင်းက တိုက်နယ်ရှစ်ခုနဲ့ ကျွန်းလှမြို့နယ်တွေမှာ ပြီးခဲ့တနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမီးရှို့မှုတွေကြောင့် နေအိမ် ၁၉၆၂ လုံးအထိ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
ဇီးကုန်းတိုက်နယ်ကတော့ နေအိမ်ပျက်စီးမှုအများဆုံး ဖြစ်ပြီး စုစုပေါင်းနေအိမ် ၆၂၃ လုံးပျက်စီးခဲ့ပါတယ်။
 
နေအိမ်တွေမီးရှို့ခံရတဲ့ထဲက တချို့ကျေးရွာတွေဟာ အကြိမ်ကြိမ်ထပ်ပြီးမီးရှို့ခံရတာလည်းရှိတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။
 
နေအိမ်တွေအပြင် ဘာသာရေးဆိုင်ရာ ဘုန်းကြီးကျောင်းနဲ့ အများပိုင်အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးပေးခန်းတွေကိုပါ မီးရှို့ဖျက်ဆီးတာတွေလည်း ရှိခဲ့ပြီး ကိုးတောင်ဘို့ တိုက်နယ်အတွင်း နေရာနှစ်ခုက ဈေးဆိုင်ခန်း ၄၂၁ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဆိုင်ကယ်၊ ကား စတဲ့ယာဉ်တွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေပါ ဖျက်ဆီးခံရတာကြောင့် စစ်ရှောင်တွေ သွားလာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍအတွက်ပါ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ကန့်ဘလူဒေသဟာ စစ်တပ်ထောက်ခံတဲ့ မဘသ ဘုန်းကြီး ဦးဝါသဝဦးဆောင်တဲ့ ပျူစောထီးတွေ အင်အားကောင်းတဲ့ ဒေသဖြစ်ပြီး ကောလင်းတိုက်ပွဲအတွင်းအဲ့ဒီပျူစောထီးတွေအထိနာခဲ့တာရှိပေမယ့် ဒေသတွင်း ကျေးရွာတွေကိုတော့ စစ်တပ်နဲ့ ပျူစောထီးတွေ ပေါင်းပြီး စစ်ကြောင်းထိုး မီးရှို့တာ၊ လေကြောင်းတိုက်ခိုက်တာတွေ တနှစ်ပတ်လုံး ရှိနေတယ်လို့ ဆိုပါတယ်။
 
မြေပြင်စစ်ကြောင်းတွေက ဖမ်းဆီးသတ်ဖြတ်တာအပါအဝင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုတွေကြောင့် တနှစ်အတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၁၇၇ ဦးရှိတယ်လို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
 
သေဆုံးသူတွေထဲ အမျိုးသမီး ၅၄ ဦးလည်း ပါဝင်တာကြောင့် တနှစ်အတွင်း ကန့်ဘလူ၊ ကျွန်းလှ ဒေသမှာ စစ်ကောင်စီလက်ချက်နဲ့ တနှစ်အတွင်း သေဆုံးသူတွေရဲ့ သုံးပုံတပုံလောက်ဟာ အမျိုးသမီးတွေ ဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။
 
တနိုင်ငံလုံး လူသိများ ထင်ရှားခဲ့တဲ့ ပဇူကြီးရွာ လေကြောင်းတိုက်ခိုက်မှုကတော့ လူထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကာ အဲဒီဖြစ်စဉ်တခုတည်းမှာပဲ ကလေး၂၇ ဦးအပါအဝင် ၁၅၇ ဦး သေဆုံးခဲ့တာပါ။
 
ဒီလေကြောင်းတိုက်ခိုက်မှုဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေထဲ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။
 
အခုနှစ်သုံးလနီးပါးအတွင်းမှာလည်း ကန့်ဘလူ၊ ကျွန်းလှဒေသရဲ့ မြောက်ဘက်မှာရှိတဲ့ ကောလင်းမြို့နဲ့ အနီး တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကန့်ဘလူနဲ့ ကျွန်းလှဘက်မှာတော့ စစ်ကြောင်းထိုးတာနဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။
 
အခုလ မတ် ၁၅ ရက်ကလည်း ကန့်ဘလူနယ် ငှက်ပျောတိုင်းရွာသစ်မီးရုံးကနေ လူအပြောင်းအလဲလုပ်ထွက်လာတဲ့ စစ်ကြောင်းက ပေကြီးရွာထဲဝင်ရောက်ချိန် ရွာထဲပိတ်မိနေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဦးဆိုသူ အမျိုးသားတဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။
 
ဒါ့အပြင် အမြဲတမ်းစစ်ဘေးရှောင်နေရသူတွေ အများအပြားရှိသလို မြွေဆိုးလည်း ပေါများတဲ့ဒေသအခြေအနေကြောင့် တနှစ်အတွင်း မြွေကိုက်ခံရသူ ၉၂ ဦးရှိကာ အဲ့ဒီထဲက ရှစ်ဦးကတော့သေဆုံးခဲ့တယ်လို့သိရပါတယ်။
မြွေကိုက်ခံရမှုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီးတဦးလည်း ပါဝင်ပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့