ထိုင်း-မြန်မာ ကုန်သွယ်ရေးအတွက် အသုံးပြုနေတဲ့ ထို့ကော်ကိုးလမ်းပိုင်း ပိတ်ဖို့ ရက်အတိအကျ မသိသေး

မတ်၊ ၂၂
 
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် လတ်တလောအသုံးပြုနေတဲ့ ထို့ကော်ကိုးလမ်းပိုင်းကို တော်လှန်ရေးအင်အားစုတွေက ပိတ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့် ဘယ်အချိန်ပိတ်မလဲဆိုတာ မသိရသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်က DNA ကို ပြောပါတယ်။
 
“အဲဒီလမ်းရဲ့ ကုန်စည်စီးဆင်းမှုက တော်လှန်ရေးအဖွဲ့တွေအတွက် အန္တရာယ်ကြီးမားတဲ့အတွက် လုံးဝပိတ်ဖို့ တောင်းဆိုမှု အားကောင်းလွန်းပါတယ်၊ တော်လှန်ရေးအဖွဲ့တွေက တောင်းဆိုတာပါ” လို့ သူက ပြောပါတယ်။
 
ဒါ့အပြင် နယ်စပ်ဝင်ထွက်လမ်း တခုဖြစ်တဲ့ အဲဒီလမ်းပိုင်းဟာ စစ်တပ်နဲ့ အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ပံ့ပိုးမှုဖြစ်နေတယ်လို့ ပဒိုစောလစ္စတန်က ဆိုပါတယ်။
 
ဒါပေမဲ့ အဲဒီလမ်းပိုင်းကို ဘယ်နေ့ပိတ်သွားမလဲဆိုတာကို သူ့အနေနဲ့ သေချာ မသိသေးဘူးလို့ ဆိုပါတယ်။
 
မြဝတီမြို့ကို သွားရာလမ်းကြောင်းတွေဖြစ်တဲ့ နဘူး – ထို့ကော်ကိုးလမ်းပိုင်း အပါအဝင် တောလမ်းအားလုံးကို လာမယ့် မတ်လ ၂၅ ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်သွားမှာဖြစ်တယ်လို့ အခုရက်ပိုင်းတွေထဲ လူမှုကွန်ရက်စာမျက်နှာ သတင်းပျံ့နှံ့လာတာပါ။
 
ဒီလိုမျိုး မြဝတီကို သွားရောက်တဲ့ လမ်းတွေ ပိတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကုန်သည်တွေနဲ့ မော်တော်ယာဉ်ပြေးဆွဲသူတွေက စိုးရိမ်မှုရှိနေကြသလို နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်မှုရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“သတင်းတော့ ကြားထားတယ်၊ ဘယ်နေ့လဲဆိုတာ တိကျမသိသေးဘူး၊ ဒီလိုပိတ်သွားရင်တော့ တော်တော်ကိုထိခိုက်ကုန်မှာ၊ စီးပွားရေးအရရောပေါ့၊ မြဝတီနယ်စပ်က ကုန်သွယ်ရေး ဒီလမ်းကိုပဲ အားကိုးနေရတာလေ ထိခိုက်ကုန်မှာပဲ” လို့ မြဝတီမြို့မှ ကုန်သည်တဦးက ပြောပါတယ်။
 
လတ်တလော လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ ကားလမ်းပိတ်မယ့်သတင်းအရ ကားခ၊ တန်ဆာခတွေ နှစ်ဆနီးပါး ဈေးတက်သွားတယ်လို့ ပြောဆိုမှုတွေက မဟုတ်မှန်ဘူးလို့ ယာဉ်လိုင်းပြေးဆွဲနေသူတွေက ဆိုကြပါတယ်။
 
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာ ဒီကနေ့အထိဖြစ်ပါတယ်။
 
နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ လမ်း၊ တံတားတွေ ပျက်စီးခဲ့ပြီး မြဝတီ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မြဝတီ-အာရှလမ်းမကြီး ကလည်း ပိတ်ထားရတာ သုံးလခွဲကျော်ရှိပြီးလည်း ဖြစ်ပါတယ်။
 
ထိုင်း-မြဝတီ နယ်စပ်ကုန်သွယ်ရေးအတွက် မြဝတီ-ကော့ကရိတ်သွား ဒေါနတောင်ပေါ်ကားလမ်းဟောင်း၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးနဲ့ ထို့ကော်ကိုးလမ်း ဆိုပြီး သုံးခုရှိပါတယ်။
 
မြဝတီ-အာရှလမ်း သစ်ဖွင့်ပြီးကတည်းက ဒေါနတောင်ပေါ်ကာလမ်းကို အသုံးမပြုတော့သလို ကော့ကရိတ် တလျှောက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအစား ထို့ကော်ကိုးလမ်းပိုင်းကိုသာ ပြောင်းလဲအသုံးပြု သွားလာနေကြတာ ဖြစ်ပါတယ်။
 
နဘူး-ထို့ကော်ကိုး လမ်းပိုင်းက ကြမ်းတမ်းတဲ့အတွက် ၁၂ ဘီးကား၊ ၂၂ ဘီးကုန်တင်ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်မပြုထားသလို အတက်တရက် အဆင်းတရက်ပုံစံနဲ့သာ လက်နက်ကိုင်အဖွဲ့တွေက သွားလာခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
 
နဘူး-ထို့ကော်ကိုးလမ်းပိုင်းဟာ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ယခင်က စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေက နယ်မြေလှုပ်ရှားမှုရှိတဲ့ လမ်းပိုင်းတခု ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းကနေ အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သူအများစုကလည်း အဲဒီလမ်းပိုင်းကို အဓိက အသုံးပြုနေပြီး အခုလိုမျိုး ကားလမ်းပိတ်တော့မယ့် သတင်းတွေကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
 
“အနီးစပ်ဆုံး၊ လွယ်ကူဆုံးက ဒီလမ်းပဲရှိတယ်၊ ဒီလမ်းပိတ်ရင်တော့ ထွက်ဖို့ ခက်လာနိုင်တယ်၊ တခြားလမ်း ပိုင်းတွေက ထင်သလောက်မလွယ်ဘူး၊ အဖမ်းအဆီးအရမ်းများတာ၊ ဖြစ်နိုင်ရင် မပိတ်ပါနဲ့အုန်းလို့ တောင်းဆိုချင်ပါတယ်” လို့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ခွာဖို့ စီစဉ်ထားတဲ့ လူငယ်တဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media