ဥရောပရဲ့ အကြီးဆုံး NATO စစ်စခန်းကို ရိုမေးနီးယားမှာ တည်ဆောက်ဖို့ စတင် အကောင်အထည်ဖော်

မတ်၊ ၂၂

ဥရောပ တတိုက်လုံးမှာ NATO စစ်မဟာမိတ် အဖွဲ့အတွက် အကြီးဆုံး စစ်စခန်းကြီးကို ရိုမေးနီးယားမှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။

ရိုမေးနီးယားမှာ ရှိနှင့်ပြီးသား မီဟေးလ် ကိုဂယ်လ်နီကန်နူ စစ်စခန်းကို NATOရဲ့ ဥရောပ အခြေစိုက် စစ်စခန်းကြီးအဖြစ် ပြောင်းလဲမယ့် မွမ်းမံ တည်ဆောက်မှု အစီအစဉ်တွေကို အခုအခါ လက်တွေ့ အကောင်အထည် ဖော်နေပြီလို့ ဆိုပါတယ်။

ရိုမေးနီးယား တောင်ပိုင်းက ကွန်စတန်တာမြို့မှာ တည်ရှိတဲ့ စစ်စခန်းဟာ ဂျာမနီနိုင်ငံ၊ ရမ်စတိန်းမှာ အမေရိကန် တပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ NATO စစ်စခန်းထက် အရွယ်အစား ကြီးမားပြီး ဥရောပ တတိုက်လုံးမှာ အကြီးဆုံး ဖြစ်လာမှာပါ။ အဲဒီစခန်းဟာ မဟာဗျူဟာအရ အချက်အခြာကျပြီး ပင်လယ်နက် ကမ်းရိုးတန်းပေါ်မှာ တည်ရှိနေပါတယ်။

အဲဒီစခန်းကို NATOအတွက် အသုံးပြုခွင့် ပေးလိုက်ခြင်းက စစ်မဟာမိတ် အဖွဲ့ကြီးရဲ့ လုံခြုံရေး အစီအမံတွေမှာ ရိုမေးနီးယားက ထဲထဲဝင်ဝင် အာရုံစိုက် ပူးပေါင်းမှုကို နောက်တဆင့် မြှင့်တင်ပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ နောက်ပြီး ပင်လယ်နက်ဟာ စစ်ရေးအရ ရုရှားရဲ့ လွှမ်းမိုးရေပြင် ဖြစ်နေပြီး အခုစစ်စခန်းကြောင့် NATOက မဟာဗျူဟာရေးရာ အားပြိုင်မှုတွေ မြှင့်တင်လာနိုင်တော့မှာပါ။

၂၀၃၀ ပြည့်နှစ်လောက်မှာ စခန်းကို အင်ပြည့်အားပြည့် လည်ပတ်နိုင်ပြီး စစ်မှုထမ်းနဲ့ အရပ်သား ၁၀၀၀၀ လောက် တာဝန်ထမ်းဆောင်နေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

တချိန်တည်းမှာပဲ NATOနဲ့ အမေရိကန်တို့ဟာ ရမ်စတိန်းမှာရှိတဲ့ ဝန်ထမ်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး ရင်းမြစ်တချို့ကိုလည်း ရိုမေးနီးယားဆီ ရွှေ့ပြောင်းမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

မီဟေးလ် ကိုဂယ်လ်နီကန်နူ စစ်စခန်းကို NATO စံနှုန်းတွေနဲ့အညီ မွမ်းမံ တည်ဆောက်ဖို့အတွက် စုစုပေါင်း ဒေါ်လာ ၂.၇ ဘီလီယံလောက် သုံးစွဲမှာဖြစ်ပြီး လောလောဆယ်တော့ ဓာတ်အားမြင့် လျှပ်စစ်လိုင်းတခု ဆက်သွယ်မှုကို အစပြုနေပါပြီ။ အဲဒီ စခန်းကို ချဲ့ထွင်ဖို့အတွက် ရိုမေးနီးယား အာဏာပိုင်တွေဟာ အနီးတဝိုက် မြေတွေကို တဟက်တာအတွက် ယူရို ၅၅၀၀ စျေးဖြတ်ပြီး စုစုပေါင်း ဟက်တာ ၂၄၀၀ လောက် ဝယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။

 

Ref: Balkan Insight