ပြစ်မှုတွေအတွက် ပူတင်လည်း သေချာပေါက် ပေးဆပ်ရမယ်လို့ ICC အကြီးအကဲသစ်ပြော

မတ် ၊ ၂၁

ယူကရိန်းမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အလွယ်တကူ လွတ်မြောက်သွားနိုင်စရာ အကြောင်းမရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ အကြီးအကဲသစ်က သတိပေး ပြောကြားလိုက်ပါတယ်။

 ဟိဂ်မြို့ ခုံရုံးလို့လည်း လူသိများတဲ့ ICCဟာ ယူကရိန်း စစ်ပွဲမှာ ကလေးတွေကို အဓမ္မ ရွှေ့ပြောင်းစေခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပူတင်ကို မနှစ်တုန်းက ဖမ်းဝရမ်း ထုတ်ထားခဲ့ပါတယ်။ ICCရဲ့ ဝရမ်းထုတ်မှုဟာ လုပ်ထုံးလုပ်နည်း အဆင့်ထက် ပိုမလာနိုင်ဘဲ ရုရှားလို ကမ္ဘာ့အင်အားကြီး စူပါပါဝါ နိုင်ငံတခုရဲ့ ခေါင်းဆောင်ကို တရားခွင် ခေါ်ဆောင်လာဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 ဒါပေမဲ့ ICCရဲ့ ရွေးကောက်ခံ ဥက္ကဋ္ဌသစ်ဖြစ်သူ တိုမိုကို အေကာနီကတော့ ကျိုဒို သတင်းဌာနနဲ့ အင်တာဗျူးမှာ ပူတင်ဟာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် သေချာပေါက် တရားမျှတမှုကို ပြန်ပေးဆပ်ရမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

 အေကာနီက တရုတ် စကားပုံ တခုကို ကိုးကားခဲ့ပြီး ကောင်းကင်ဘုံရဲ့ တရားစီရင်မှုဟာ နှေးကောင်းနှေးနိုင်ပေမယ့် ပြေးလို့တော့ လွတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အေကာနီဟာ မတ်လ ၁၁ ရက်နေ့ကလို့ ICCကို ဦးဆောင်ခွင့်ရတဲ့ ပထမဆုံး ဂျပန်နိုင်ငံသား ဖြစ်လာပါတယ်။ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးဟာ ပူတင်ကို ဖမ်းဝရမ်း ထုတ်စေခဲ့တဲ့ ICC ဆုံးဖြတ်ချက်အတွက် ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

 သတ်မှတ်ချက်တွေအရ ICCက အကူအညီ တောင်းခံမယ်ဆိုရင် ICC အဖွဲ့ဝင်တွေဟာ နိုင်ငံပိုင်နက်ထဲ ပူတင်က အလည်အပတ် ရောက်ရှိနေတဲ့ အချိန်မျိုးမှာ ဖမ်းဆီးပြီး ICCဆီ အပ်နှံရမှာပါ။ ဒါပေမဲ့ သက်ဆိုင်ရာ နိုင်ငံက အဲဒီညွှန်ကြားချက်ကို သေချာပေါက် လိုက်နာရမယ်ဆိုတဲ့ စည်းမျဉ်းမျိုးတော့ မရှိပါဘူး။

 ပူတင် ဝရမ်းထုတ်ခံရတဲ့ ကိစ္စကို ရုရှားဖက်က အပြင်းအထန် ကန့်ကွက်ပေမယ့်လည်း အေကာနီကတော့ ICC အနေနဲ့ နောက်ဆုတ် အလျှော့ပေးစရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။ လဆန်းပိုင်းတုန်းကလည်း ICCဟာ ယူကရိန်းရဲ့ ဓာတ်အားပေး ကွန်ရက်တွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွက် ရုရှား ထိပ်တန်း စစ်ဘက် အရာရှိ နှစ်ဦးကို ဝရမ်းထုတ်ခဲ့ပါသေးတယ်။

 ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်း ICCအနေနဲ့ ဝရမ်းထုတ်ထားသူတွေထဲက လက်တွေ့ ဖမ်းဆီးခဲ့တဲ့ အခြေအနေမျိုးတွေတော့ မရှိခဲ့ဘူးလို့ အေကာနီက ပြောပါတယ်။ သူက လက်ရှိဖြစ်ပွားနေတဲ့ ဂါဇာ စစ်ပွဲအတွင်း ICCက အလေးထား ဂရုမူရမယ့် ဖြစ်စဉ်တွေ အတော်များများလည်း ရှိနေနိုင်ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

 Ref: Kyodo News