မြန်မာ့အရေး အလှည့်အပြောင်း ကာလမှာ ပိုမို အာရုံစိုက်ပေးဖို့ နိုင်ငံတကာကို ကုလသမဂ္ဂ ကိုယ်စားလှယ် တိုက်တွန်း

မတ် ၊ ၂၁

မြန်မာ့ ပြည်တွင်း ပဋိပက္ခတွေ အလှည့်အပြောင်း ကာလတွေမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်မှုတွေက ပိုမို အရေးပါလာနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

 ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာ တွမ်အင်ဒရူးစ်က မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အာရုံစိုက်မှုတွေ ပိုမို လိုအပ်လာနေပြီဆိုတဲ့ သူ့ရဲ့ အမြင်ရှုထောင့်ကို အကျယ်တဝင့် ထည့်သွင်း အစီရင်ခံသွားခဲ့တာ ဖြစ်ပါတယ်။

 အာဏာသိမ်း စစ်တပ်ဟာ စစ်မြေပြင်မှာ တော်လှန်ရေး အင်အားစုတွေကို ဘက်ပေါင်းစုံ အရေးနိမ့်နေပြီး အခုဆိုရင် နိုင်ငံပိုင်နက်ရဲ့ ထက်ဝက်အောက် အကျယ်အဝန်းကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိတော့ကြောင်း၊ ဒါပေမဲ့လည်း ရှုံးမဲမဲတဲ့ အနေနဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား ရန်လို တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာနေကြောင်း သူက ဆိုပါတယ်။

 စစ်မြေပြင်မှာ အင်အား ပြုန်းတီးတာ၊ ပြည်သူတွေရဲ့ အစဉ်တစိုက် ဆန့်ကျင်ခြင်းကို ခံနေရတာတွေက စစ်တပ်ကို ဆက်တိုက် အင်အား ယုတ်လျော့လာစေကြောင်း၊ ဒါပေမဲ့ အဲဒီအခြေအနေမှာ စစ်တပ်က ပြည်သူတွေအပေါ် ပိုမို အကြမ်းဖက် ရန်လိုလာနေတဲ့အပေါ် နိုင်ငံတကာက ပြင်းထန်တဲ့၊ ထိရောက်တဲ့ ဆန့်ကျင်မှုတွေ ပြသဖို့လိုကြောင်း သူက နှိုးဆော်ခဲ့ပါတယ်။

 သူက ပြီးခဲ့တဲ့ ၅ လတာအတွင်း စစ်တပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာတာကိုလည်း ထောက်ပြခဲ့ပြီး သာမန်ထက် လေကြောင်းတိုက်ခိုက်မှုတွေ ၅ ဆလောက် တိုးလာတယ်လို့ ပြောကြားသွားပါတယ်။

 အခုဆိုရင် စစ်တပ်ဟာ ပြည်သူတွေအပေါ် ဖိနှိပ်မှုကို တဆင့်တိုးပြီး လူငယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ကြံစည်းနေတာကြောင့် လူငယ် အများအပြားဟာ ထွက်ပြေး ပုန်းရှောင်တာ၊ ပြည်ပကို ထွက်ခွာတာ၊ တော်လှန်ရေး အင်အားစုတွေဆီ ခိုလှုံတာတွေ လုပ်ဆောင်နေရကြောင်း၊ ပြည်သူတွေက စစ်တပ်ရဲ့ ရန်လို အကြမ်းဖက်မှုတွေထဲ ဆွဲသွင်းခံရဖို့ မလိုလားကြကြောင်းလည်း အင်ဒရူးက ဆိုပါတယ်။

 ကမ္ဘာ့နိုင်ငံ အများအပြားဟာ တခြားသော နိုင်ငံတကာ ပဋိပက္ခတွေနဲ့ အရှုပ်အထွေးတွေဆီ အာရုံကျနေတာ နားလည်နိုင်တယ် ဆိုပေမယ့်လည်း မြန်မာ့နိုင်ငံရေး ဒီရေ အလှည့်အပြောင်း ကာလမှာ စစ်တပ်ကို ပိုပြီး အခက်တွေ့စေမယ့် အာရုံစိုက်မှုမျိုးတွေ ပြသပေးဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။ စစ်တပ်ဟာ အမှောင်ထဲမှာ ရှင်သန်လှုပ်ရှားရတာကို ပိုနှစ်သက်ပြီး ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ခံရလေလေ၊ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအတွက် အကျပ်ရိုက်လေလေလို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

 နောက်ပြီး မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းဆီ ပြန်တက်လှမ်းဖို့ အမှန်တကယ် အလားအလာကောင်းတွေ ရှိနေပေမယ့် စစ်တပ်ကို မပြတ် ဖိအားပေးဖို့တော့ လိုကြောင်း၊ အဲဒီအတွက် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ စစ်တပ်အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ မြှင့်တင်ဖို့၊ လက်နက် တင်သွင်း ဝယ်ယူမှုတွေ ကန့်သတ်ဖို့၊ တရားဝင် အစိုးရ တခုအဖြစ် ဆက်ဆံတာမျိုးတွေ မလုပ်ဖို့၊ ပြစ်မှု ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အရေးယူ အပြစ်ပေးမှုတွေ လုပ်ဆောင်ဖို့ဆိုတဲ့ အချက် ၄ ခုကို တိုက်တွန်း တောင်းဆိုလိုကြောင်း အင်ဒရူးက ပြောကြားသွားပါတယ်။

 Ref: Reuters