ကရင်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံး၊ လက်နက်မျိုးစုံ သုံးရာ့ ခြောက်ဆယ်ကျော်ရ

မတ် ၊ ၂၀

အခုလအတွင်း ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ် စခန်းသိမ်းတိုက်ပွဲ ငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးကာ စစ်ကောင်စီဘက်ကတော့ လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

KNLAနဲ့ပူးပေါင်းတပ်တွေဟာ အခုလ ၇ရက်ကနေမနေ့ကအထိ မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ ၃၅၅နဲ့ ၃၅၆၊မြဝတီမြို့အနီးက ဖလူးစစ်စခန်း၊ကြာအင်းဆိပ်ကြီးမြို့နယ် ထဲ က ကျိုက်ဒုံဗျူဟာခန်းနဲ့ ကျိုက်ဒုံမြို့ထဲက မဲသရောထစခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ဒီတိုက်ပွဲတွေအတွင်း မျက်မြင်အချက်အလက်တွေအရစစ်ကောင်စီဘက်က ၄၆ဦးထက်မနည်းသေဆုံးပြီး ဒဏ် ရာရသူတွေလည်း  အများအပြားရှိကာ တော်လှန်ရေးတပ်တွေဘက်ကတော့ ကိုးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦးရှိပါတယ်။

ဒါ့အပြင် ကျိုက်ဒုံဗျူဟာတိုက်ပွဲမှာ ဗျူဟာမှူးနဲ့အရာရှိကြီး ၁၂ဦးအပါအဝင် စစ်ကောင်စိတပ်ဖွဲ့ဝင် ၆၆ဦးလက် နက်ချခဲ့သလို ဖလူးစခန်းနဲ့ မဲသရောထစခန်းတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ ထိုင်းနိုင်ငံထဲထွက်ပြေး ခဲ့ကြပါတယ်။

အထက်ပါ တိုက်ပွဲတွေအတွင်း သင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲဟာ စစ်ကောင်စီဘက် က သေဆုံးထိခိုက်မှုအများဆုံး တိုက်ပွဲဖြစ်သလို တော်လှန်ရေးတပ်တွေဘက်ကလည်း  ခြောက်ဦးသေဆုံး၊ရှစ် ဦး ဒဏ်ရာရကာ အထိအခိုက်အများဆုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဖလူးစခန်းသိမ်းတိုက်ပွဲမှာတော့ စခန်းရှိ စစ်ကောင်စီတပ်တွေအားလုံးထွက်ပြေးသွားတယ်လို့ KNUက ထုတ်ပြန်ထားပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း အထိအခိုက်မရှိဘူးလို့ ဖော်ပြပါတယ်။

ကျိုက်ဒုံမြို့က မဲသရောထ စခန်းကုန်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်လောက် ထိုင်းနိုင်ငံ ဘက် ခြမ်း  ပိုင်ခလိုင်ရွာထဲ ထွက်ပြေးသွားကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အထူးစစ်ဆင် ရေးတပ်ဖွဲ့(S.O.F)က ဒီကနေ့ထုတ်ပြန်ထားပါတယ်။

မဲသရောထစခန်းကုန်းကို အခုလ ၁၅ရက်မှာ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့က အပြီးသတ်သိမ်းပိုက် နိုင်ခဲ့တာလို့ S.O.F တပ်ဖွဲ့ကအသိပေးထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာတော့ တော်လှန်ရေးတပ်တွေဘက်က ထိခိုက်သေဆုံးမှုရှိမရှိဖော်ပြမထားတာကြောင့် အသေးစိတ် မသိရသေးပါဘူး။

KNLA ပူးပေါင်းတပ်တွေဟာ အခုလအတွင်း စခန်းသိမ်းတိုက်ပွဲတွေကနေ ၁၂၀ မမ အပါအဝင် လက်နက်ကြီး တ ချို့၊စနိုက်ပါ သေနတ်၊စက်သေနတ်တချို့အပါအဝင် လက်နက်မျိုးစုံစုစုပေါင်း ၃၆၀ကျော်၊ကျည်မျိုးစုံ ခုနစ်သောင်း လောက်နဲ့ ခဲယမ်း၊စစ်အသုံးအဆောင်တွေရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

photo KNU/S.O.F